တိုးလာ

December 2, 2017

ဘရာဇီးလ်တွင် အိမ်ခြေမဲ့လူဦးရေ ၃ ဆ တိုးလာ

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့နဲ့ တခြားမြို့တွေမှာ အိမ်ခြေမဲ့ လူဦးရေ ၃ ဆ တိုးလာပါတယ်။ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဘရာဇီးလ်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက တိုးလာနေတာပါ။ ၂၀၁၆ ခုနှစ်ထဲ ရီယိုမြို့ထဲမှာ အိမ်ခြေမဲ့ လူ ၁၄၀၀၀ ရှိလာတယ်၊ ၂၀၁၃ ခုနှစ်က အိမ်ခြေမဲ့ ၅၅၀၀ သာ ရှိတယ်လို့ စာရင်းအင်းတွေက ဆိုပါတယ်။ ချမ်းသာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ နေထိုင်ရာ ရီယိုမြို့က ကိုပါကာ ဘာနာ၊ အစ်ပါနေမာနဲ့ လေဘလွန် ရပ်ကွက်တွေက ဒေသခံတွေက အိမ်ခြေမဲ့တွေကို ဖယ်ရှား အရေးယူပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ပြည်နယ်တွင်း ဆင်းရဲနေပြီး တချို့ ခိုလှုံရေးစခန်းတွေက ဝေးလံသီခေါင်တဲ့ နေရာတွေမှာ ရှိနေတယ်လို့ ဆင်းရဲသားတွေဘက်က ရှေ့နေလိုက်သူတွေက ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ခြေမဲ့တွေကို ခိုလှုံရေးစခန်းဆီ ရွှေ့ပြောင်းရေး အားထုတ်မှုတွေ ပိတ်ဆို့ နေပါတယ်။ ဒါကြောင့် မြို့အစိုးရက မြို့တွင်း ဘူတာကြီးနားမှာ အများပြည်သူ ခိုလှုံရေး စခန်းသစ် ဖွင့်လှစ်နေပြီး အိမ်ခြေမဲ့တွေ အလုပ်အကိုင်ရဖို့ ကူညီမယ့် သင်တန်းတွေ စီစဉ်ပေးပါတယ်။ လက်ရှိ ခိုလှုံရေး စခန်းတွေကိုလည်း ရေပူစက်တွေ တပ်ဆင်တာနဲ့ အင်းဆက်ပိုးမွှား ပေါတဲ့ ဥပစာတွေကို ပိုးမွှားသေအောင် မှိုင်းတိုက်တာတွေ လုပ်ခဲ့ပါတယ်။ အိမ်ခြေမဲ့တွေထဲမှာ လူငယ်တွေ များလာပြီး မူးယစ်ဆေးစွဲသူ ပိုများလာတယ်လို့ အကူ အညီပေးရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဟာ အခြေခံအဆောက်အဦတွေ ပြုပြင်မွမ်းမံ တည်ဆောက်မှုကို ဦးတည်သင့်သလား၊ လမ်းပေါ်မှာ နေရအောင် တွန်းပို့ခံရတဲ့ လူတွေကို ကူညီသင့်သလား၊ ဆိုတာ ပြည်သူ့မူဝါဒတွေက ရည်ညွှန်းပေးဖို့ သူက ဆော်သြခဲ့ပါတယ်။
4 years Ago

August 13, 2017

တနိုင်ငံလုံးအတိုင်းအတာအရ A (H1N1) ရောဂါပိုးတွေ့ လူနာ ၁၇ ယောက် တိုးလာ

ရာသီတုပ်ကွေး A (H1N1) ရောဂါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့လူနာ ၁၇ ယောက် တိုးလာပါတယ်။ သြဂုတ် ၁၂ ရက်နေ့မွန်းလွဲပိုင်းအထိ သံသယလူနာ ၄၈ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာမှာ A(H1N1) ပိုးတွေ့လူနာ ၁၇ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၅၈၃ ယောက် ရှိပါတယ်။ အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့  လူနာစုစုပေါင်း ၂၂၁ ယောက်ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၃ ယောက်ရှိတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) မှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၆ ယောက်နဲ့ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ A (H1N1) ပိုးတွေ့ အတွင်းလူနာ ၅၉ ယောက်၊ စုစုပေါင်း ၆၅ ယောက် ဆက်လက် ဆေးဝါးကုသမှုခံယူနေပြီး အများစုက သက်သာနေပြီလို့ ထုတ်ပြန်ထားပါတယ်။ လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်း ရောဂါနဲ့ ဆေးရုံတက် ကုသနေသူတွေထဲမှာ A(H1N1) ပိုး တွေ့ လူနာတွေသာမက ပိုးမတွေ့ လူနာတွေကိုလည်း လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါကုသရေး လမ်းညွှန်အတိုင်း ထိရောက်တဲ့ ကုသမှုတွေ ရရှိဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up