တိုးတက်ရေးပါတီပြော

March 25, 2018

ထိုင်းနိုင်ငံရေးကို လုံးဝပြောင်းလဲပစ်မည်ဟု တိုးတက်ရေးပါတီပြော

ထိုင်းနိုင်ငံရေးကို လုံးဝပြောင်းလဲပစ်မယ်လို့ တိုးတက်ရေးပါတီလို့ခေါ်တဲ့ ပါတီသစ် ပူးတွဲတည်ထောင်သူ လုပ်ငန်းရှင်က ကတိပြုပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး မော်တော်ကား အစိတ်အပိုင်းကုမ္ပဏီဖြစ်တဲ့ ထိုင်းဆမ်းမစ် ဂရုပ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ ဒါရိုက်တာဖြစ်သူ သန်နာထောန်က သူဟာ နိုင်ငံရေး လောကကို ၀င်ရောက်လာတဲ့ တခြားဘီလျံနာတွေနဲ့ မတူဘူးလို့ မတ် ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ စီးပွားရေးလောကကနေ လာတဲ့အတွက် သန်နာထောန်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ခိုင်းနှိုင်းပြောဆိုနေကြပေမယ့် သန်နာထောန်ကတော့ သူဟာ ရာထူးအာဏာရှိ အသိုင်းအ၀ိုင်းနဲ့ မသက်ဆိုင်သလို သူလေးစားအားကျတဲ့ နိုင်ငံရေးသမားမရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ “ရွေးကောက်ပွဲ ဥပဒေ၊ အချိန်ကာလနဲ့ အစိုးရ သဘောထားက ကျနော်တို့ကို မျက်နှာသာ မပေးပါဘူး။ ဒါပေမယ့် ကျနော်တို့က ဒီပြိုင်ပွဲမှာ ဆက်ပြီးပါဝင်ချင်တယ်။ ဆက်ပြီး တိုက်ပွဲဝင်ချင်ပါတယ်။ တခုရှိတာက အောင်မြင်ဖို့ အခွင့်အရေးက သိပ်ကိုနည်းပါတယ်။ ဒါပေမယ့် မျော်လင့်ချက်သေးသေးလေးဟာ ဘာမျော်လင့်ချက်မှ မရှိတာထက် ပိုကောင်းပါတယ်” လို့  တိုးတက်ရေးပါတီ ပူးတွဲတည်ထောင်သူ သန်နာထောန် က ပြောကြားခဲ့ပါတယ်။ အခု တည်ထောင်လိုက်တဲ့ တိုးတက်ရေးပါတီသစ်ဟာ စစ်အစိုးရ အုပ်ချုပ်တဲ့ ထိုင်းနိုင်ငံရေးမှာ  လှုပ်လှုပ်ရှားရှားဖြစ်စေပြီး လူငယ်ထုနဲ့ မဲပေးခွင့် ရုပ်သိမ်းခံရတဲ့ မဲဆန္ဒရှင်တွေ အကြိုက်တွေ့နိုင်ကာ အလယ်အလတ်အဆင့်ရှိ ပါတီဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး သုခမိန်တွေက ပြောကြားခဲ့ပါတယ်။ ပါတီ ပူးတွဲတည်ထောင်သူ သန်နာထောန်က လာမယ့်ရွေးကော်က်ပွဲမှာ အမတ်နေရာ ၅၀၀ ရှိတဲ့အနက် သူ့ပါတီက ၂၅ နေရာ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
3 years Ago
Up