တိုယိုတာနှင့် ဆူဇူကီးကုမ္ပဏီတို့ ပူးပေါင်းပြီး မောင်းသူမဲ့ကားထုတ်လုပ်ရန် သဘောတူ

February 7, 2017

တိုယိုတာနှင့် ဆူဇူကီးကုမ္ပဏီတို့ ပူးပေါင်းပြီး မောင်းသူမဲ့ကားထုတ်လုပ်ရန် သဘောတူ

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုယိုတာကုမ္ပဏီနဲ့ ဆူဇူကီးကုမ္ပဏီတို့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ ကားတွေ၊ မောင်းသူမဲ့ကားတွေ ထုတ်လုပ်သွားဖို့ ဖေဖော်ဝါရီ ၆ ရက်က သဘောတူလိုက်ကြပါတယ်။ အခုလို ကုမ္ပဏီနှစ်ခု ပူးပေါင်းဖို့ အဆင့်မြင့်နည်းပညာတွေနဲ့ ကားတွေ ထုတ်လုပ်ကြဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဆွေးနွေးလာကြပြီး အသေးစိတ်အစီအစဉ်တွေ၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ဆွေးနွေးသွားကြမယ်လို့ ကုမ္ပဏီတွေက ပြောပါတယ်။ ရေကနေ စွမ်းအင်ထုတ်လုပ်တဲ့ Fuel Cell တွေနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်မယ့် အဆင့်မြင့်နည်းပညာကို ကမ္ဘာတဝန်းဖြန့်ဝေဖို့ တိုရိုတာကုမ္ပဏီက အရှိန်မြှင့်ကြိုးစားနေပြီး အခုတကြိမ်တော့ ဆူဇူကီးကုမ္ပဏီနဲ့ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တာပါ။ အခုလို နည်းပညာချင်း ပူးပေါင်းထုတ်လုပ်သွားဖို့ မာဇဒါ (Mazda) ကားကုမ္ပဏီနဲ့လည်း သဘောတူညီမှု ရရှိထားပြီး တခြားကားကုမ္ပဏီတွေနဲ့ ဆက်လက်ပူးပေါင်းသွားဖို့ တိုယိုတာကုမ္ပဏီက ဆက်လက်ကြိုးစားသွားမှာလို့လည်း ပြောပါတယ်။ ဆူဇူကီးကားကုမ္ပဏီဟာ အိန္ဒိယကားဈေးကွက်ကို ခိုင်ခိုင်မာမာ ရရှိထားပြီး တန်ဖိုးနည်းကားငယ်တွေ ထုတ်လုပ်တဲ့ အဆင့်မြင့်နည်းပညာလည်း ပိုင်ဆိုင်ထားတာပါ။ အနာဂတ် ကမ္ဘာ့ကားဈေးကွက်မှာ တိုယိုတာကားကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆက်လက်ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
4 years Ago
Up