တိုနီဘလဲ

July 18, 2018

ဘရက်ဇစ်ကိစ္စ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လုပ်ရန် တိုနီဘလဲ တိုက်တွန်း

ဥရောပသမဂ္ဂက ဗြိတိန်ထွက်တဲ့ ဘရက်ဇစ် (Brexit) ကိစ္စ အကြီးအကျယ် အငြင်းပွားနေတာကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လုပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက တိုက်တွန်းလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဗြိတိန် ဥရောပသမဂ္ဂကထွက်မယ့် ဘရက်ဇစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့က ဗြိတိန်လွှတ်တော်မှာ မဲခွဲရာ မဲအနည်းငယ်အသာနဲ့ ကပ်ပြီး အနိုင်ရသွားခဲ့တာပါ။ ဒီကိစ္စဟာ ထရီဆာမေ ရင်ဆိုင်နေရတဲ့ ဘရက်ဇစ်အစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးကြုံတွေ့နေရတဲ့ အကျပ်အတည်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်ကလုပ်ခဲ့တဲ့ ဘရက်ဇစ်ကိစ္စ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ  စည်းရုံးရေး လုပ်ငန်းစဉ်တွေဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ဗြိတိန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့အပြီးမှာ အဲဒီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တရားဝင်မှုရှိမရှိ၊ တရားနည်းလမ်းကျမှု ရှိမရှိနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီလဘဲက ဘရက်ဇစ်နဲ့ပတ်သက်ပြီး အများစုရဲ့ ပြတ်ပြတ်သားသား ထောက်ခံမှုမရှိတဲ့ အချက်ကြောင့် ဗြိတိန်လွှတ်တော်ဟာလည်း ရှေ့ဆက်မတိုးနိုင်ဘဲ လိပ်ခဲတည်းလည်း အခြေအနေမှာပဲ ရှိနေနိုင်တယ်လို့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဖြေကြားသွားတာပါ။ ဒါ့အပြင် “ဘရက်ဇစ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ အများစုထောက်ခံမှုမျိုး၊ ဘယ်လိုပုံစံနဲ့ လုပ်ထားတဲ့ ဘရက်ဇစ်ကိုမှ အများစုထောက်ခံမယ်လို့ ကျနော် မထင်ဘူး။ ဒီတော့ ပါလီမန်မှာ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အကျပ်အတည်းနဲ့ ကြုံရမှာပဲလို့ ကျနော်ထင်တယ်လေ။ နောက်ဆုံး တနည်းနည်းနဲ့ပဲ ဒီကိစ္စ ပြည်သူတွေဘက်ကို ပြန်တွန်းပို့ကြမှာပါ” လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ဖြေကြားသွားပါတယ်။ လက်ရှိအချိန်မှာ ဘရက်ဇစ်နဲ့ပတ်သက်တဲ့ ဝန်ကြီးချုပ် ထရီဆာမေရဲ့ စီမံကိန်းအစီအစဉ်ကို လက်မခံတာကြောင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နဲ့ ဘရက်ဇစ်ရေးရာဝန်ကြီး ဒေးဗစ် ဒေးဗစ္စတို့ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
5 years Ago
Up