တိုင်းရင်းသားရေးရာ

May 2, 2019

အလုပ်ကိုင် အခွင့်အရေး ဖန်တီးပေးတဲ့ ကေလျား (Kay Lyar)

ကယားပြည်နယ်မှာ အမျိုးသမီးတွေ အများစု အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် မော်ဗျားမြာကေးနဲ့ နော်သောသီထူးတို့ ညီအမနှစ်ယောက်က ဦးဆောင်ပြီး ကေလျား (Kay Lyar) ဆိုတဲ့ ဆိုင်ငယ်ငယ်လေးတဆိုင် ဖွင့်ထားပါတယ်။ ဒီဆိုင်ကလေးမှာ ကယားပြည်နယ်အတွင်းက မြို့နယ်တော်တော်များများမှာရှိတဲ့ ဒေသထွက် ပစ္စည်းတွေကိုသာ ကောက်ယူပြီး သူ့ဆိုင်ပုံစံ အမှတ်တံဆိပ်တွေနဲ့ ပြန်လည်ထုပ်ပိုးပြီး နိုင်ငံတကာစံချိန် Export ပုံစံနဲ့ သေသပ်စွာ ထုပ်ပိုးပြီးတော့ ဖြန့်ချိနေတာပါ။ သပ်ရပ်ပြီး ဝယ်ချင်၊ စားချင်အောင် သေသေသပ်သပ် ပြုလုပ်ထားတာ တွေ့ရသလို ဒီဆိုင်ကလေးကို ဖွင့်လှစ်နိုင်ဖို့အတွက် အချိန်တနှစ်ကျော်လာက် ယူခဲ့ရတယ်လို့ ဆိုင်ရှင် မော်ဗျားမြာကေးက ရှင်းပြပါတယ်။ “ကျမတို့လုပ်တာကတော့ တနှစ်ကျော်လောက် အချိန်ယူရတယ်။ ဒေသထွက်တဲ့ဟာတွေ အကုန်လုံး စာရင်းကောက်ယူရတယ်။ ဘယ်နေရာမှာ ဘာတွေရနိုင်လဲ ဆိုတဲ့ဟာတွေကို စုံစမ်းရတယ်။ အဆင့်ဆင့် ပြင်ဆင်ရတယ်၊ ပြီးတော့မှ ကျမတို့ ဒီဆိုင်လေး ဖြစ်ပ်ါလာတာပေါ့နော်” လို့ ပြောပါတယ်။ ဒီဆိုင်လေးကိုတော့ အခုနှစ် သင်္ကြန်ကမှ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အဓိက ဒေသထွက် ကုန်ပစ္စည်းတွေဖြစ်တဲ့ ပန်းခါး၊ မက်ခါသီး၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ ဇီးဆီ၊ မျှစ်ခြောက်၊ ပိန်းခြောက်၊ မုန်ညင်းခြောက်နဲ့ ချဉ်ဆော်ခါးသီးခြောက်တို့ အပါအဝင် ဒေသထွက်ပစ္စည်း ၅၀ ကျော်ကို တနေရာတည်း ဝယ်ယူနိုင်အောင် ပြင်ဆင်ထားတာပါ။ ဒီပစ္စည်းတွေကို ဒေသခံတွေဆီကနေတဆင့် ဝယ်ယူပြီးတော့ ပြန်လည်ထုပ်ပိုး ရောင်းချနေပါတယ်။ ဆိုင်ရှင် မော်ဗျားမြာကေးက ကယားပြည်နယ်ကနေ ထွက်ရှိတဲ့ ရိုးရာအစားအစာ မှန်သမျှ ဝယ်ယူရရှိနိုင်ဖို့ ဒေသခံအမျိုးသမီးတွေ အလုပ်အကိုင် အခွင့်လမ်းတွေ ရရှိအောင် ရည်ရွယ်ဖွင့်လှစ်ခဲ့တာလို့ ပြောပါတယ်။ “အဓိက ဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတယ်။ ကယားပြည်နယ် အနေအထားနဲ့ ဆိုလို့ရှိရင် လူဦးရေကလည်း နည်းတယ်။ ဒါပေမယ့် အဓိက လုပ်ကိုင်စားသောက်တာက တောင်ယာနဲ့ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်စားသောက်တာပေါ့နော်။ အဲဒါကို ကျမတို့ ကြည့်လိုက်တဲ့အချိန်မှာ ဒီဟာတွေကို ဈေးကွက်မရှာနိုင်သရွေ့တော့ ကျမတို့ ဖွံ့ဖြိုးဖို့အတွက် အလှမ်းဝေးနေဆဲဖြစ်တယ်။ အဲတော့ ဖွံ့ဖြိုးဖို့အတွက် ကျမတို့မှာ ဈေးကွက်ပေါက်သွားပြီ ဆိုလို့ရှိရင် ဒေသခံတွေမှာလည်း စိုက်သလောက်ကို ဈေးရနိုင်မယ့် အခွင့်အရေးကို ကျမတို့ ဖန်တီးသင့်တယ်ဆိုပြီး ကျမတို့အနေနဲ့ မြင်လာတယ်။ မြင်လာတဲ့အချိန်မှာ ကျမတို့ ဒီဆိုင်လေးကို ဈေးကွက်ဖော်လာရတာ ဖြစ်တယ်။” ဆက်ပြီးတော့  "ဒေသခံတွေ ဘယ်လောက်ပဲစိုက်စိုက် ဈေးကွက်မကောင်းရင် သူတို့အတွက် အလကားပဲ ဖြစ်မှာပေါ့နော်။ အဲဒါကြောင့် သူတို့ရဲ့ဘဝကို မြှင့်တင်ပေးချင်တယ်" လို့ သူမက ပြောပါတယ်။ လတ်တလောမှာတော့ အမျိုးသမီးလူဦးရေ ၃၀ လောက်ဟာ ရက်ကန်းလုပ်ငန်းအပြင် ပစ္စည်းတွေထုပ်ပိုးတာ စတဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ရရှိထားပြီးဖြစ်တယ်လို့ မော်ဗျားမြာကေးက ပြောပါတယ်။ “အခုမှ ကျမတို့ အစပဲ ရှိသေးတာပေါ့နော်။ အခုလတ်တလောမှာ အမျိုးသမီး ၂၀ ကျော် ၃၀ လောက်တော့ ပြောလို့ရပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ရက်ကန်းရက်တဲ့ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ သူတို့က ရက်ပေးတယ်ပေါ့နော်။ အဲဒါဆိုရင် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ရပြီလို့ ကျမတို့ ပြောလို့ရပြီပေါ့နော်။ နောက်တချက်က အထုပ်အပိုးတွေ ဆိုလို့ရှိရင် ကျမတို့က သူတို့ကို ထုပ်ခိုင်းတယ်။ တခါတည်း ပိတ်ဆက်တွေအစ ကျမတို့ ပြောပြတယ်။ သူတို့ အမျိုးသမီးတွေအဖွဲ့က ထုပ်ပိုးမှုတွေ လုပ်ပေးတဲ့အတွက်ကြောင့် ကျမတို့အနေနဲ့ သူ့တို အလုပ်အကိုင် ရရှိတယ်လို့ ပြောလို့ရတယ်။ နောက်တဆင့်ကျတော့ ချုပ်လုပ်မှုအပိုင်းပေါ့နော်။ အပ်ထည်တွေရှိတယ်။ အဲဒီအချိန်မှာဆိုလို့ရှိရင်  သူတို့အတွက် အလုပ်အကိုင် အခွင့်အရေး ရတယ်ပေါ့နော်။” ဒါ့အပြင် ကယားပြည်နယ်က ဒေသခံအများစုဟာ တောင်ယာလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြပြီး ဒေသထွက် အသီးအနှံတွေကို ဈေးကွက်ဖော်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ နိုင်ငံခြားတွေမှာသာ ရရှိနိုင်တဲ့ ချီယာစေ့ (CHIA SEED) လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ချီယာစေ့ကိုလည်း ကယားပြည်နယ်မှာ စိုက်ပျိုးအောင်မြင်တဲ့အတွက် ပြည်နယ်တွင်း ဈေးကွက်ရရှိအောင် ထုတ်လုပ်ရောင်းချပေးနေတယ်လို့လည်း မော်ဗျားမြာကေးက ပြောပါတယ်။ “ချီယာစေ့ကျတော့ တကယ့် မူရင်းကတော့ မက္ကဆီကိုနိုင်ငံက လာတာပေါ့နော်။ ဒါပေမယ့် သူက အဆင့်ဆင့် တင်ပို့ရောင်းချတယ်။ နိုင်ငံခြားတော်တော်များများမှာ သုံးစွဲလျက်ရှိတယ်။ ဒီအစေ့က အရမ်းကို ကောင်းတယ်ပေါ့နော်။ ကောင်းတယ်ဆိုတာက သူ့ရဲ့ ကောင်းကျိုးတွေ အများကြီးရှိတယ်ပေါ့နော်။ ဝိတ်ချချင်တဲ့သူအတွက် အသုံးပြုနိုင်သလို နှလုံးသွေးကြော ကျဉ်းသူတွေအတွက် ကာကွယ်ပေးတယ်။ ဒီဟာက နိုင်ငံခြားတွေမှာ အရမ်းနာမည်ကြီးတယ်။ ဒါပေမယ့် ကျမတို့ ကယားပြည်နယ်မှာတော့ မသုံးတတ်ကြသေးဘူးပေါ့နော်။ ဒါလေးကို ကျမတို့က ထိုင်းကနေပြီးတော့ မျိုးရတယ်။ ပြီးတော့ ကယားပြည်နယ်မှာ စမ်းစိုက်ကြည့်တယ်။ စိုက်ကြည့်တဲ့အချိန်မှာ တကယ်လည်း ဖြစ်လာပါတယ်။ ဖြစ်လာတဲ့အချိန်မှာ ပြန်ရောင်းဖို့ ဈေးကွက်မရှာတတ်ဘူး ဖြစ်သွားတယ်။ ကျမတို့ ဟိုဘက်ကိုစပ်လည်း သူတို့က certificate တောင်းတဲ့အချိန်မှာ တောင်သူလယ်သမားတွေအတွက် သူတို့အတွက် ခက်ခဲတယ်။ အဲဒီအခါကျတော့ ကျမတို့ ဆိုင်ဖွင့်ပြီးတော့ ဒါတွေ ပြန်ရောင်းချပေးတယ်။ ဒါကို ကျမတို့က နောက်ကျလို့ရှိရင် ဘယ်လောက်ထိတောင် ရည်ရွယ်ထားလဲဆိုရင် ကျမတို့ ကယားပြည်နယ်ရဲ့ ဒေသထွက်ကုန်တခု ဖြစ်လာဖို့အထိ ကျမတို့ ရည်ရွယ်ထားပါတယ်။ ဒီဒေသမှာ စိုက်ချင်တဲ့သူတွေ ဆိုရင်လည်း ကျမတို့ လိုက်ပြီး သူတို့ကို ပညာပေးဖို့ အစီစဉ်တွေလည်း ရှိတယ်ပေါ့နော်။ ဒါကို ကျမတို့ဆိုင်ကနေပြီးတော့ စတင်ဖြန့်ဖြူးနေပါတယ်” လို့ ဆိုပါတယ်။ သူက ဆက်ပြီးတော့ ချီယာစေ့ကို ဒီမော့ဆိုမြို့နယ် ဒေါတမကြီးသွား လမ်းတွေမှာ စိုက်ပျိုးမှုတွေ ပိုများတယ်လို့ ပြောပါတယ်။ ဒီလို နိုင်ငံတကာသုံး ချီယာစေ့အပြင် ဝါးနဲ့ပြုလုပ်ထားတဲ့ ရေနွေးဓာတ်ဘူးကိုလည်း ရောင်းချပေးနေပါတယ်။ ဒီနေရာမှာတော့ ဝါးနဲ့ ဘူးပြုလုပ်ရာမှာ နည်းပညာပိုင်း မကျွမ်းကျင်တဲ့အတွက် တခြားဒေသတွေက ဘူးကို မှာယူပြီး ကရင်နီလူငယ်တွေကနေ ပြန်လည်ရောင်းချပေးနေပါတယ်။ ဒီအတွက်လည်း လူငယ်တွေကို အဖိုးအခ ထိုက်တန်စွာ ပေးဝယ်တဲ့အတွက် လူငယ်တွေ အခွင့်အလမ်း ရရှိနေပါတယ်။ ကယားပြည်နယ်မှာ ဒေသထွက်ပစ္စည်းတွေ ရောင်းချပေးမှု များစွာရှိနေပေမယ့် အခုလို နိုင်ငံတကာအဆင့်မီနိုင်အောင် ထုပ်ပိုးတာကတော့ ဒါ ပထမဆုံးဖြစ်ပါတယ်။ ဒီလို ထုပ်ပိုးရောင်းချမှုကို လက်လီလက်ကား ရောင်းချပေးနေသလိုပဲ အဝေးက မှာယူချင်တဲ့သူ အတွက်လည်း ပို့ဆောင်နေတဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ ကယားပြည်နယ်မှာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေကြတာ တွေ့ရသလို ဖွံ့ဖြိုးမှုအနေနဲ့ တခြား တိုင်းနဲ့ပြည်နယ်လို မရှိသေးတဲ့အတွက် အဓိက ဒေသခံ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေဆဲပါ။ ကယားပြည်နယ်ဟာ ခရိုင် ၂ ခု၊ မြို့နယ် ၇ ခု၊ ရပ်ကွက် ၄၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၄ အုပ်စု၊ ကျေးရွာပေါင်း ၅၁၇ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ  ၃ သိန်းကျော်သာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းမှာ အခုနှစ် ၂၀၁၉ ဧပြီလ ၁ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၅၄ ဒသမ ၁၀ သန်း ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားပြီး ကယားပြည်နယ်မှာရှိတဲ့ လူဦးရေ ၃ သိန်းကျော်နဲ့  လူဦးရေ အနည်းဆုံးပြည်နယ် ဖြစ်ပါတယ်။ ပြည်နယ်အတွင်း တည်ငြိမ်းအေးချမ်းလာတာနဲ့အမျှ ပြည်တွင်းပြည်ပ ခရီးသွားတွေကလည်း  ကယားပြည်နယ်ကို ဦးတည်လာနေကြသလို လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်အောင်လည်း အစိုးရက ဦးစားပေး စီမံကိန်းလုပ်ငန်းအနေနဲ့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလို ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတာနဲ့အမျှ ဒေသတွင်းက ထွက်ရှိနေတဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း တချို့လည်း ထုတ်လုပ်ရောင်းချလာမှုတွေ များလာပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်မက ပိုမိုရရှိလာနိုင်မလားဆိုတာ  စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
2 years Ago

March 22, 2019

သဲမီဒူ

‘သဲမီဒူ’ ဆိုတာ ကယားစကားဖြစ်ပြီး ကယားတို့ရိုးရာ တောကောင်လိုက်ပွဲကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ကယားလူမျိုးတွေဟာ ရိုးရာပွဲတွေဖြစ်တဲ့ ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ၊ ကေး (ခေါ်) တောလိုက်ပွဲတွေအပြင် တခြားရိုးရာပွဲတော်တွေလည်း ကျင်းပလေ့ ရှိကြပါတယ်။ ကေး (ခေါ်) တောလိုက်ပွဲမှာဆိုရင် ငှက်လိုက်ပွဲနဲ့ တောကောင်လိုက်ပွဲတွေရှိပြီး  တောကောင်လိုက်ပွဲကို ကယားဘာသာစကားနဲ့ ‘သဲမီဒူ’ လို့ ခေါ်ဆိုကြတာပါ။ အဆိုပါ တောကောင်လိုက်ပွဲကို နှစ်စဉ် မတ်လမှာ ကျင်းပလေ့ရှိပါတယ်။ တောကောင်လိုက်ပွဲဟာ တောကောင်ရှိရာ တောတောင်ထဲ မသွားမီ ရိုးရာအရ ကြက်ရိုးထိုးတာ၊ ကြက်ဥနဲ့ကြည့်တာ စတာတွေကို အရင်ဆုံး ပြုလုပ်လေ့ ရှိကြပါတယ်။ လွိုင်ကော်မြို့နယ် ချိကယ် ဒေါကလို့ခူရွာ ရိုးရာဓလေ့ တောကောင်လိုက်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၇ နဲ့ ၁၈ ရက်နေ့ ၂ ရက်တာ ပြုလုပ်ခဲ့ပါတယ်။ တောကောင်လိုက်တဲ့ ပထမနေ့မှာ တောကောင်မရတဲ့အတွက် ဒုတိယနေ့ ဆက်လိုက်ခဲ့ကြတာလို့ ဒေါ့ကလို့ခူ လူငယ်ခေါင်းဆောင် ခူးအီးရယ်ဆန်းက ပြောပါတယ်။ တောကောင်လိုက်ပွဲဟာ ငှက်လိုက်ပွဲပြီးမှ ကျင်းပလေ့ရှိတယ်လို့လည်း သူက ပြောပါတယ်။ “ကျနော်တို့ကျတော့ ငှက်လိုက်ပွဲပြီးရင် တောကောင်လိုက်ပွဲပေါ့နော်။ သူက ငှက်လိုက်ပွဲထက် ပိုပြီးတော့ အယူကြီးတယ်။ ပထမတရက်ဆိုရင် ကြက်ရိုးထိုးပွဲလုပ်တယ်။ ကြက်ရိုးကိုကြည့်ပြီးမှ မနက်ဖြန်ဆိုရင် မနက်ဖြန်ပေါ့၊ ကြက်ရိုးပေါ်မှာ မူတည်တယ်ပေါ့။ မနက်ဖြန် ကျတယ်ဆိုရင်လည်း မနက်ဖြန် ရွာလုံးကျွတ်လိုက်ရတယ်။” ရိုးရာအရ တောကောင်လိုက်တဲ့နေ့တွေမှာဆိုရင် ရွာမှာရှိတဲ့ အမျိုးသားတွေအားလုံး လိုက်ပါကြရပြီး အိမ်မှာကျန်နေတဲ့ အမျိုးသမီးတွေလည်း အဝတ်လျှော်တာတွေ၊ တခြားအလုပ်တွေကို မလုပ်ရဘူးလို့ ဆိုပါတယ်။ “သွားတာက အကုန်လုံးသွားကြရတယ်။ နေမကောင်းတာက လွဲရင်ပေါ့။ မသွားနိုင်တဲ့ အဘိုးကြီးတွေဆိုရင် နေခဲ့ရတယ်။ နေခဲ့ရုံနဲ့မပြီး သူတို့က တရွာလုံး ကင်းစောင့်ရသေးတယ်။ သူတို့က ဧည့်သည်တွေ ပေးမဝင်ရဘူး။ ပြီးမှ ရွာက မိန်းကလေးတွေနေခဲ့တဲ့ မိန်းကလေးတွေ ဆိုရင်လည်း ဒီလို အဝတ်အစား မလျှော်ရဘူး၊ တီဗွီတွေဘာတွေ ကြည့်လို့မရဘူး။ အဲလို ဆူဆူညံညံ လုပ်လို့မရဘူးလေ။” အမျိုးသားတွေ တောကောင်လိုက်ချိန် အမျိုးသမီးတွေ သတိရှိရှိနေရပြီး ညွှန်ကြားချက်အတိုင်း မနေရင်တော့ တောလိုက်တဲ့ အမျိုးသားတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ “အဲလိုမျိုး မနေလို့ရှိရင် အရှေ့မှာ ကျနော်တို့သွားတဲ့ အမျိုးသားတွေ၊ လူငယ်တွေ အကုန်လုံးပေါ့၊ အဲလို သွားတဲ့သူတွေအတွက် အသက်အန္တရာယ် များတယ်လေ။ တောကောင်လိုက်ပွဲဆိုတာက သေနတ်နဲ့ မောင်းရတယ်လေ။ အဲလိုမျိုးကျတော့ မောင်းသမားနဲ့ သေနတ်သမားဆိုတော့ အဲလို သေချာလေး ဂရုစိုက်ရတာပေါ့။ အဓိကလည်း ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေ တခုခုမလုပ်ဖို့ပေါ့။ လုပ်ရင် လမ်းတအား ပိတ်တယ်လေ။ လမ်းပိတ်တယ်ဆိုတာ တောကောင် ဘယ်လောက်ပဲထွက်ထွက် သေနတ်ပစ်ရင်လည်း မထွက်တာတို့ မမှန်တာတို့ အဲလိုမျိုး ရှိတယ်လေ။ အဲတော့ ရွာမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေ တအားကို ကောင်းကောင်းလေး နေထိုင်ရမှာပေါ့။” ဒါ့အပြင် တောလိုက်ပွဲသွားတဲ့ အမျိုးသားတွေ အနေနဲ့လည်း တောလိုက်သွား ထမင်းထုပ်ရာမှာ ကန့်သတ်ထားတဲ့ အစားအစာတွေ မထုပ်ရကြောင်းနဲ့ ထုပ်ပိုးတဲ့အခါမှာလည်း အင်ဖက်ကိုသာ အသုံးပြုကြရတယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်လို့ရလာတဲ့ တောကောင်ကိုလည်း ရိုးရာနဲ့ ထမ်းပိုးသယ်ယူလာရပြီး ညနေမှပဲ ရွာထိပ်ကနတ်စင်မှာ ထားထားရပါတယ်။ အဲဒီနောက် နတ်ဆရာက ဦးခေါင်းကိုကိုင်ပြီး သားကောင်ရဲ့ဦးခေါင်းကို ပူဇော်ရတယ်လို့လည်း ဆိုပါတယ်။ “တောကောင်ရပြီဆိုရင် ထမ်းပြန်ရတာပေါ့။ ထမ်းပြန်တဲ့အချိန်မှာ ရိုးရာဝါးနဲ့ မှုတ်ပြီးမှ နတ်စင်အကြီးမှာ ထားပြီးမှ သူ့ခေါင်းတွေကို နတ်ဆရာကပဲ ကိုင်ခွင့်ရှိတယ်။ ပြီးရင် တောစောင့်နတ်၊ တောင်စောင့်နတ်၊ သစ်ပင်စောင့်နတ် နတ်တွေကို အကုန်လုံးကျွေးတယ်။ အဲဒါ သူ့ခေါင်းပဲနော်။” အဲဒီနောက် ကျန်ရှိနေတဲ့ အသားတွေကို ရွာမှာရှိတဲ့ အိမ်တိုင်းကို ခွဲပြီး ပို့ဆောင်ပေးရတယ်လို့လည်း ဆိုပါတယ်။ လွိုင်ကော်မြို့နယ် ဒေါကလိုခူးကျေးရွာမှာ အခုလို ကယားတို့ရဲ့ ရိုးရာ တောကောင်လိုက်ပွဲတွေကို နှစ်စဉ် ကျင်းပလာပေမယ့် နေရာဒေသတချို့မှာ တောကောင်တွေ ရှားပါးလာခြင်းကြောင့် အခုလိုပွဲမျိုး မကျင်းပနိုင်သလို လူငယ်တွေကြားမှာလည်း ရိုးရာထုံးစံတွေကို မသိရှိတော့တာတွေလည်း ရှိနေပါတယ်။ ကယားလူမျိုးတို့ဟာ ရိုးရာပွဲတွေ ရိုးရာပွဲတော်တွေမှာ ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ၊ အဲဒူ (ခေါ်) ကောက်ညှင်းထုပ်ပွဲ၊ ကေး (ခေါ်) တောလိုက်ပွဲ၊ အိမ်သစ်တက်ပွဲ၊ ဆွမ်းရင်းပွဲ (အသုဘပွဲ) စတဲ့ပွဲတွေ ရာသီအလိုက် ကျင်းပကြပါတယ်။ ကယားပြည်နယ်ရဲ့ ထူးခြားတဲ့ ရိုးရာအစားအစာတွေကတော့ သက်သတ်လွတ်၊ ကြက်၊ ဝက်တို့နဲ့ ပြုလုပ်ထားတဲ့ ကယားဟင်းထုပ်၊ ကယားဝက်အူချောင်း၊ ခရုပြုတ်၊ အမဲခေါက်သုပ်၊ အမဲအူသုပ်၊ ခေါင်ရည် စတဲ့ ရိုးရာအစားအစာတွေလည်း ထင်ရှားပါတယ်။ ရိုးရာပွဲတော်တွေ ကျင်းပတဲ့အခါမှာလည်း ဧည့်သည်တွေကို ထမင်း၊ ဟင်းနဲ့ ခေါင်ရည်တို့နဲ့ အဓိကထား ဧည့်ခံကျွေးမွေးလေ့ ရှိကြပါတယ်။
3 years Ago
Up