တိုင်းရင်းသားညီလာခံ

June 1, 2015

လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များ လော်ခီးလာရောက်ရှိ

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ထိပ်သီးညီလာခံ တက်ရောက်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာကို ဇွန် ၁ ရက်က ရောက်ရှိလာကြပါတယ်။ ဇွန် ၂ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံ တက်ရောက်ဖို့ လက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး တဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးနဲ့ လေ့လာသူ ၂ ဦးစီ ဖိတ်ကြားထားတယ်လို့လည်း ကေအန်ယူ အတွင်းရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီညီလာခံမှာ အစိုးရနဲ့ အပြီးသတ် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ) နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအကြား ပြန်လည်သုံးသပ် ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်မတော်တို့ကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ကနေ ပါဝင်မှုရပ်စဲဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ) ပါ စာသားတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန်မှာ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီစာချုပ်ကို အပြီးသတ် သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရဘက်က အသင့်ဖြစ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ပြောထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကတော့ ခေါင်းဆောင်တွေကို ပြန်လည်ချပြ ဆွေးနွေးအတည်ပြုချက် ရယူဦးမယ်လို့ ပြောထားတာပါ။ ညီလာခံတက်ရောက်လေ့လာဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယားနဲ့ တရုတ်သံတမန်တွေအပြင် ပြည်တွင်းက သတင်းသမား ၂၀ ကျော်လည်း သတင်းယူဖို့ ရောက်ရှိနေပါတယ်။
7 years Ago

May 11, 2015

တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်သည့် ညီလာခံမကြာမီကျင်းပမည်

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ ညီလာခံတခုကို မေလ ၂၀ ရက်ဝန်းကျင်မှာ ကျင်းပဖို့ရှိတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ခေါင်းဆောင် နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။ အန်စီစီတီအဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအားလုံး ပါဝင် တက်ရောက်မယ့် ဒီညီလာခံမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း (အန်စီအေ)ကို အဓိက တင်ပြဆွေးနွေးပြီး အတည်ပြု ချက်ရယူမှာဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။ “ဒါက အန်ကယ်တို့ အန်စီစီတီ နဲ့ ယူပီဒဗလျူစီ ကြားမှာ လက်မှတ်ထိုးထားတဲ့ အန်စီအေမူကြမ်း ကိစ္စအပေါ်မှာ ထိပ်သီးခေါင်းဆောင်တွေကို အန်ကယ်တို့ ဖိတ်ပြီးတော့မှ သူတို့ကို ရှင်းပြရမယ်။ သူတို့ရဲ့ အမြင်သဘောထား ဆန္ဒတွေကို ရယူရမယ်။ လိုရင်လိုသလို ပြင်မယ်၊ဖြည့်မယ်ပေါ့နော်။ အဲဒါတွေလုပ်ဖို့ပါ။ ဒီလို သူတိုရဲ့ သဘော ထားဆန္ဒတွေ ရယူပြီးတော့မှ အန်ကယ်တို့ကတော့ ယူပီဒဗလျူစီ နဲ့သွားပြီးတော့ပြန်ညှိရဦးမယ်။” ညီလာခံကို ပန်ဆန်း၊ မိုင်းလားနဲ့ လော်ခီးလာ တစ်နေရာရာမှာ ကျင်းပဖို့ လျာထားတာဖြစ်ပြီး နိုင်ဟံသာကတော့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပဖို့ ဖြစ်နိုင်ချေများ တယ်လို့လည်း ပြောပါတယ်။ ဒီညီလာခံပြီးရင်တော့ အန်စီစီတီအဖွဲ့ဝင်တွေအနေနဲ့ လိုအပ်ရင် နောက်ထပ်အစည်း အဝေးထပ်လုပ်ပြီးမှ ယူပီဒဗလျူစီ နဲ့ ဆွေးနွေးမှာဖြစ်တယ်လည်း ပြောပါတယ်။ “အဲဒီထိပ်သီး အစည်းအဝေးမှာ ခေါင်းဆောင်များ ပြုပြင်ထားတဲ့မူကတော့ အတည်ဖြစ်မယ် လေ။ အဲဒါကို ယူပီဒဗလျူစီ နဲ့ ထပ်မံဆွေးနွေးဖို့ ဆိုတဲ့နေရာမှာတော့ အန်ကယ်တို့ အန်စီစီတီအတွင်းမှာ လိုအပ်ရင်လည်းလိုအပ် သလိုပေါ့လေ။ ပြန်ထိုင်ရမှာပေါ့။”လို့ နိုင်ဟံသာက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အခွင့်အရေးတွေ တရားဝင်ရနိုင်ရေး အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားဖို့ အပါအ၀င် ၁၂ ချက်ကို သဘောတူညီမှုရခဲ့ပါတယ်။ ပန်ဆန်းညီလာခံ အပြီး မေလ ၉ ရက် မှာတော့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တချို့နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ က ကိုယ်စားလှယ်တွေဆွေးနွေးပွဲ တခု ကျင်းပပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်း အဖွဲ့ ဖွဲ့စည်းဖို့ မူအားဖြင့် သဘော တူညီမှုရရှိခဲ့ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် ဆွေးနွေးပွဲမူလ အစီအစဉ်မှာ မပါ ၀င်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်း အဖွဲ့ဖွဲ့စည်းရန် ကိစ္စ ထုတ်ပြန်ကြေညာ ရာမှာ ပါဝင် ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ မေလ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
7 years Ago
Up