တိုင်ဖွန်းတာလင်းမ် ဂျပန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်၊ လူ ၄ ဦး ပျောက်ဆုံး

September 18, 2017

တိုင်ဖွန်းတာလင်းမ် ဂျပန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်၊ လူ ၄ ဦး ပျောက်ဆုံး

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း တာလင်းမ် စက်တင်ဘာ ၁၇ ရက်က ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်ခဲ့တဲ့အတွက် လူ ၄ ဦး ပျောက်ဆုံးနေပြီး ၁၇ ဦး ဒဏ်ရာရတယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။ တိုင်ဖွန်းကြောင့် မိုးသည်းထန်စွာရွာခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ တိုင်ဖွန်းတာလင်းမ်ဟာ ဒေသစံတော်ချိန် ၁၁ နာရီခွဲဝန်းကျင်က ကျူရှူးကျွန်းကို ဝင်ရောက်ခဲ့တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။ တရုတ်ခရီးသွားတဦးက "ဒီလိုရာသီဥတုမျိုးဟာ မထင်မှတ်ဘဲ ဖြစ်တတ်ပါတယ်။  ဒီလိုရာသီဥတုနဲ့ ရှုမျှော်ခင်းတွေကို သွားကြည့်ဖို့ မလွယ်ကူတော့ ခရီးသွားလုပ်ငန်းကို အတိုင်းအတာတခုအထိ ထိခိုက်ပါတယ်" လို့ ပြောပါတယ်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး တာဝန်ရှိသူတဦးက ရရှိတဲ့ သတင်းပေါ်မူတည်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ရေး ညွှန်ကြားချက်တွေ ထုတ်ပြန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ခရီးသွားတဦးက သူတို့ဟာ မနက်ဖြန် လေယာဉ်နဲ့ ပြန်ဖို့စီစဉ်ထားပေမယ့် တိုင်ဖွန်းကြောင့် ပြန်သွားနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ အဲဒီတိုင်ဖွန်း တာလင်းမ်ဟာ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို ဦးတည်ဝင်ရောက်မယ်လို့ ခန့်မှန်းရကြောင်း ဂျပန် မိုးလေဝသအေဂျင်စီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up