တိုင်ပတ်အက

August 30, 2018

ကလေးမွေးဖွားခါနီးအထိ တိုင်ပတ်အက ကခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး (ရုပ်သံ)

ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အနေနဲ့ ကိုယ်ဝန်ရင့်မာလာတဲ့အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှတဲ့ အရာတခုပါ။ ဒါပေမယ့် ဆွစ်ဇာလန်နိုင်ငံသူ အသက် ၃၁ နှစ်အရွယ် ခရစ္စတီနာ စပီးရစ်ဂ်ကတော့ ဒါကို လုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာ သင်ကြားမှုအတွေ့အကြုံ ၈ နှစ်ရှိ တိုင်ပတ်အက သင်တန်းဆရာမတဦး ဖြစ်ပါတယ်။ ထူးဆန်းတာကတော့ သူဟာ ကိုယ်ဝန်ဆောင်ချိန် ဖြစ်နေတဲ့တိုင်အောင် ဒီတိုင်ပတ်အက လေ့ကျင့်မှုကို မရပ်နားခဲ့တာပါပဲ။ ခရစ္စတီနာရဲ့ မိသားစုဝင်တွေကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ဖြစ်လာမှာစိုးလို့ တားမြစ်ကြပေမယ့် သူကတော့ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒီလို လေ့ကျင့်ကခုန်နေတုန်းမှာ လဲကျတာမျိုး၊ ပြုတ်ကျတာမျိုး ဖြစ်မယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်မှန်း သိပေမယ့် ခရစ္စတီနာကတော့ မမွေးဖွားခင်မှာ တိုင်ပတ်အက ကခုန်လိုက်ခြင်းဟာ သားအိမ်တွင်းက သန္ဓေသားကို အိပ်စက်စေနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြောင်း ပြောပါတယ်။ ခရစ္စတီနာမှာ ၈ နှစ်အရွယ် ရင်သွေးတဦး မွေးဖွားခဲ့ပြီး ခုတကြိမ်ကတော့ သူ့ရဲ့ ဒုတိယရင်သွေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တိုင်ပတ်အက လေ့ကျင့်တာဟာ ခန္ဓာကိုယ် ဟန်ချက်ညီနေဖို့လည်း လိုအပ်သလို အမြဲဂရုတစိုက်နဲ့ ရှိနေရတယ်လို့ ပြောပါတယ်။ “ကျမ ထင်ပါတယ်။ တိုင်ပတ်အက လေ့ကျင့်တာဟာ ကလေးမွေးဖွားရ လွယ်ကူစေပြီး တခြားအခက်အခဲတွေကိုလည်း ဖြတ်ကျော်သွားနိုင်မှာပါ။” သူဟာ နောက်ဆုံးမွေးဖွားမယ့်ရက် မတိုင်ခင် ၂ လလောက်မှာတော့ တရက်ကို ၄၅ မိနစ်နဲ့ တပတ်ကိုတကြိမ် တိုင်ပတ်အက လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး တကယ်လို့ ခန္ဓာကိုယ်က နေမကောင်းချင်သလိုလို တခုခုဖြစ်နေမယ်ဆိုရင်တော့ ဘာမှမလုပ်တော့ဘူးလို့လည်း ပြောပါတယ်။ “ကျမ အကလေ့ကျင့်ချိန်မှာ ဗိုက်ထဲက ကလေးလေးက အိပ်ပျော်နေမယ်လေ။ ဒါက ဘာစိတ်ဖိစီးမှုမှ မဖြစ်စေပါဘူး။”
3 years Ago

September 6, 2016

လူမြင်ကွင်းတွင် တိုင်ပတ်အက ကပြစဉ် ရေထဲပြုတ်ကျသည့် အမျိုးသား (ရုပ်သံ)

နယူးဇီလန်နိုင်ငံ ဆိပ်ကမ်းတခုမှာ အမျိုးသားတဦးဟာ လူမြင်ကွင်းမှာ တိုင်ပတ်အက ကပြ သရုပ်ပြနေချိန် ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ ရေထဲကို ပြုတ်ကျခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ နယူးဇီလန်နိုင်ငံမြို့တော် ၀ယ်လင်တန်ဆိပ်ကမ်းတခုမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဆိုပါအမျိုးသားဟာ ငါးဖမ်းသမားတွေ ၀တ်လေ့ရှိတဲ့ ဘောင်းဘီကို ၀တ်ဆင်ထားခဲ့ပြီး ခေါင်းမှာတော့ ရှုပ်ထွေးတဲ့ ခေါင်းစည်းတခုကို ပတ်ထားခဲ့တာပါ။ သူဟာ ဆိပ်ကမ်း ရေစပ်အနီး ဘေးတန်းမှာ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေရှေ့မှာ တိုင်ပတ်အက ကပြခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့အစမှာ အမျိုးသမီးတဦးက “အဲဒီလို ပြန်ကပြပါဦး” လို့ အော်ပြောလိုက်တာကို ကြားရပါတယ်။ သူဟာ တန်းပေါ်ကို ကွေ့ဝိုက်တက်ပြပြီး ခွလိုက်ကာ တန်းပေါ်မှာ ပက်လက်လှန် လဲလျောင်းခဲ့တာပါ။ အဲဒီနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ကို တပတ်လှည့်ပြီး တန်းအနောက်ဘက်ဆီ နောက်တပတ်ပြန်လှည့်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ အရှိန်မထိန်းနိုင်တော့ဘဲ ရေထဲကို ထိုးကျသွားခဲ့တာ တွေ့ရပါတယ်။ အဲဒီအဖြစ်အပျက်အဆုံးမှာတော့ အမျိုးသမီးတဦးရဲ့ ခွက်ထိုးခွက်လှန် ရယ်မောလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။
5 years Ago
Up