တိုက်လေယာဉ်နှင့်

April 27, 2017

တိုက်လေယာဉ်နှင့်အမြောက်တပ်တို့ဖြင့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်သံ)

တင်းမာမှုတွေနဲ့ မြင့်တက်နေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အကြီးစား စစ်ဆင်ရေးလေ့ကျင့်ခန်းတွေ လုပ်နေကြပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာ  အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေ ပူးပေါင်းပြီး လက်တွေ့ စစ်ဆင်ရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ကြပါတယ်။ စစ်ဆင်ရေးလေ့ကျင့်ခန်းကို ၂ နိုင်ငံလုံးက လေတပ်တွေ၊ အမြောက်တပ်တွေနဲ့ ကျည်ကာယာဉ်တွေ သုံးပြီး ဆိုးလ်မြို့တော် အရှေ့မြောက်ဘက် မိုင် ၃၀ လောက်အကွာက ပိုချွန်းမြို့မှာ လုပ်ခဲ့ကြတာပါ။ အမေရိကန်တပ်မှာ ဒုဗိုလ်မှူးကြီး မက်သယူး ဂါနားက “ကျနော်တို့ နှစ်ဖက်လုံးက အခု အရေးပေါ်တာနဲ့ ချက်ချင်းတိုက်ခိုက်နိုင်ရေးအတွက် အာရုံစိုက်ပြီး လေ့ကျင့်နေကြတယ်။ ကျနော့်ရဲ့ နှစ် ၂၀ လုပ်သက်တလျှောက် ဒီလောက်ကြီးကျယ်တဲ့ စစ်ဆင်ရေးလေ့ကျင့်ခန်းမျိုး မတွေ့ဖူးသေး။ အခုက လက်နက် တပ်ဆင်ရေးတွေရော၊ စစ်ဆင်ရေးရော” လို့ ပြောခဲ့ပါတယ်။ ၂ နိုင်ငံလုံးက စစ်သား ၂၀၀၀ လောက် ပါဝင် လေ့ကျင့်ခဲ့ကြတဲ့ ဒီလေ့ကျင့်ခန်းမှာ အမြောက်တွေ အများကြီး ဆက်တိုက်ပစ်နိုင်တဲ့ တင့်ကားတွေ၊ K2 တင့်ကားတွေ၊ တခြားစစ်သုံးယာဉ်တွေ၊ အပါချီ ရဟတ်ယာဉ်တွေ နဲ့ A-10 တိုက်လေယာဉ်တွေ အပါအဝင် လက်နက်အမျိုးအစားပေါင်း ၂၅၀ ကျော်အသုံးပြုပြီး လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ “အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကနေ ကျေန်ာတို့ တပ်တွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတယ်။ ကျနော်တို့တပ်တွေက နိုင်ငံ့လုံခြုံရေးကို အမေရိကန်နဲ့ ပူးပေါင်းပြီး ကာကွယ်ရေးမှာ အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်နေကြတယ်” လို့ တောင်ကိုရီးယားတပ်မှ ဒုဗိုလ်မှူးကြီး ဂျွန်ဆင်းဟိုက ပြောပါတယ်။ စုပေါင်းစစ်ဆင်ရေး လေ့ကျင်ခန်း ၂၀၁၇ လို့ နာမည်ပေးထားတဲ့ အဲဒီလေ့ကျင့်ရေးတွေကို ဧပြီလ ၁၃ရက်၊ ၂၁ ရက်နဲ့ ၂၆ ရက်တို့မှာ လေ့ကျင့်ခဲ့ကြတာပါ။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာတည်းက ကိုရီးယားကျွန်းဆွယ်ပေါ် ရောက်နေတဲ့ အမေရိကန်စစ်တပ်ဟာ အခုချိန်မှာ အမေရိကန်စစ်သား ၂၈၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up