တိုက်စစ်လိုက်ပါကစားမှု အားနည်း၍ ဂိုးရရန် ရုန်းကန်နေရဟု ကျော်ကိုကို ပြော

October 12, 2017

တိုက်စစ်လိုက်ပါကစားမှု အားနည်း၍ ဂိုးရရန် ရုန်းကန်နေရဟု ကျော်ကိုကို ပြော

မြန်မာ့လက်ရွေးစင်အသင်းမှာ ကွင်းလယ်ကစားသမားတွေ တိုက်စစ်လိုက်ပါကစားမှု နည်းပါးတာကြောင့် ဂိုးရဖို့ ရုန်းကန်နေရတယ်လို့ တိုက်စစ်မှူး ကျော်ကိုကိုက ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ဘက်အသင်းကို တိုက်စစ်ဆင် ကစားရာမှာ ကစားသမား ၃ ဦးလောက်နဲ့ပဲ ကစားနေရပြီး ကွင်းလယ်ကစားသမားတွေအနေနဲ့ တိုက်စစ်အထိ လိုက်ပါနိုင်မှု နည်းပါးတာကြောင့် ဂိုးရဖို့ ရုန်းကန်နေရတာ ဖြစ်တယ်လို့ တိုက်စစ်မှူး ကျော်ကိုကိုက ပြောဆိုလိုက်တာပါ။ “ကျနော့်အနေနဲ့ကတော့ Midfield က တိုက်စစ်ကို ပံ့ပိုးမှု၊ ကူညီမှု အားနည်းနေသေးတယ်။ တဖက်အသင်းကနေ ဘောလုံးဖြတ်လုပြီးတော့ ကျနော်တို့ တိုက်စစ်သွားတဲ့အခါမှာ လူဦးရေ အနည်းစုနဲ့ပဲ သွားပြီးတိုက်နေတယ်။ ဥပမာ ကျနော်ရယ်၊ အောင်သူရယ်၊ အသေးလေးရယ်၊ အနည်းစုနဲ့ပဲ။ တဖက်အသင်းက ၅ ယောက်၊ ၆ ယောက် တိုက်နေတဲ့ အနေအထား ဖြစ်နေတယ်။ ကျနော်တို့အတွက် ဒီထက်ပိုပြီး တိုက်စစ်ကို သွားရမယ်။ ဒီထက်ပိုပြီး တိုက်စစ်ကို ပံ့ပိုးပေးရမယ်။ Midfield ရော၊ နောက်တန်းရော တိုက်စစ်လိုက်ပါမှု အားနည်းတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” ပြိုင်ဘက်အသင်းရဲ့ ဧရိယာထဲမှာ လူကျွံအနေအထားနဲ့ နေရာယူပြီး ကစားပုံနဲ့ ပတ်သက်ပြီးလည်း  ကျော်ကိုကိုက အခုလို ပြောပါတယ်။ “ကျနော့်အနေနဲ့ကတော့ ပရိယာယ်ပဲပေါ့နော်။ ဘာလို့လဲဆိုတော့ တဖက်အသင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းတဲ့အတွက် ကျနော့်အနေနဲ့ ဘောလုံးကို သူတို့ရှေ့ကနေ သွားပြီးတော့ လက်ခံဖို့ဆိုတာ ခက်ခဲတယ်။ အဲဒီအတွက် သူတို့မမြင်ကွယ်ရာကနေပြီးတော့ ကျနော် လှုပ်ရှားရတယ်။ ပြီးကျတော့ သူတို့ကို အောက်ဆိုက်အနေအထား ကြိုယူထားပြီး လျှံထွက်လာတဲ့ ဘောလုံးတွေ၊ ဆိုက်ကနေထွက်လာတဲ့ ဘောလုံးတွေကို ကျနော့်အနေနဲ့ အလွယ်တကူ ပိတ်သွင်းဖို့ပေါ့နော်။ ကျနော် တလုံးဆိုရင် ကြားလူအနေအထားကနေ ရခဲ့တယ်ပေါ့နော်။ ဒါပေမယ့် ရန်နိုင်ဦး ထိုးပေးလိုက်ရင် ကျနော် အသာလေး သွင်းလိုက်လို့ရတယ်။ အဲဒီလို အနေအထားလေးတွေပဲ ကျနော်တို့ ပရိယာယ်သုံးပြီးပေါ့နော်။ နည်းပြကလည်း ကျနော့်ကို Freedom ပေးကစားတယ်ပေါ့နော်။ ကျနော့်အနေနဲ့ ပြန်မဆင်းနိုင်လို့ မဟုတ်ပါဘူး။ အဓိကက ကျနော် ဂိုးရဖို့ Title ထားပြီး ကစားတယ်ပေါ့နော်။” မြန်မာအသင်းဟာ အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ အာရှဖလားခြေစစ်ပွဲမှာ ကာဂျစ္စတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ခြေစစ်ပွဲအောင်ဖို့ ခက်ခက်ခဲခဲ ကစားရတော့မှာပါ။ မြန်မာနည်းပြ ဂတ်ဇီဆီကတော့ ၄ ရက်ပဲ လေ့ကျင့်ချိန်ရလို့ အကောင်းဆုံး မကစားနိုင်ခဲ့တာဖြစ်ပြီး လက်ကျန် ၃ ပွဲမှာ ရလဒ်ကောင်းရဖို့ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။ ဂတ်ဇီဆီက “ဘောလုံးက ဘာမှ ပြောလို့မရတာဖြစ်လို့ မြန်မာအသင်း ခြေစစ်ပွဲ အောင်မယ်လို့လည်း အာမ မခံနိုင်ပါဘူး။ အကောင်းဆုံး ကြိုးစားပြင်ဆင်ပြီး ပိုကောင်းတဲ့ပုံစံ ရဖို့ကိုတော့ အာမခံနိုင်ပါတယ်။ နောက်ပွဲအတွက် ၁၂ ရက်လောက် အချိန်ရပြီး ကမ္ဘောဒီးယားနဲ့လည်း ခြေစမ်းမှာပါ။ အဲဒီ ၁၂ ရက်အတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး စုစည်းညီညွတ်တဲ့ အသင်းကောင်းတသင်း ဖြစ်လာဖို့ ရာနှုန်းပြည့် ကြိုးစားမှာပါ” လို့ ပြောပါတယ်။ အာရှခြေစစ်ပွဲ အုပ်စု အေမှာ အိန္ဒိယအသင်းက အုပ်စု ပထမနေရာမှာ ရပ်တည်နေပြီး ကာဂျစ္စတန်က ဒုတိယ၊ မြန်မာက တတိယနဲ့ မကာအိုအသင်းက အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၄ ရက်မှာ အိန္ဒိယအသင်းနဲ့ အဝေးကွင်း သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up