တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများ တွေ့ရှိ

September 4, 2017

တောင်ပြိုလက်ဝဲ ရဲကင်းစခန်းအား တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများ တွေ့ရှိ

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ မြေပုံတွေကို သိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်စဉ် စက်တင်ဘာ ၁ ရက်နေ့က မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာကို ဝင်ရောက်ရှင်းလင်းခဲ့ရာမှ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ကျေးရွာ၊ အမှတ် ၁ ရပ်ကွက်ရှိ မော်လဝီအရှားဒူလာရဲ့ နေအိမ်မှ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ဖို့ မြန်မာဘာသာ၊ ဘင်္ဂါလီဘာသာ ၂ မျိုးနဲ့ ရေးဆွဲထားတဲ့ မြေပုံစာရွက်တွေကို သိမ်းဆည်းမိခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါကျေးရွာ အနီးပတ်ဝန်းကျင်တဝိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
4 years Ago
Up