တိုက်ကွမ်ဒို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မြောက်ကိုရီးယားတွင် ကျင်းပ

September 18, 2017

တိုက်ကွမ်ဒို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ မြောက်ကိုရီးယားတွင် ကျင်းပ (ရုပ်သံ)

ကမ္ဘာတလွှားက တိုက်ကွမ်ဒို အားကစားသမား အယောက် ၂၀၀ ကျော်ပါဝင်တဲ့ နိုင်ငံတကာ တိုက်ကွမ်ဒို အသင်းချုပ်ရဲ့ အကြိမ် ၂၀ မြောက် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမှာ စက်တင်ဘာ ၁၇ ရက်က ကျင်းပပါတယ်။ နိုင်ငံပေါင်း ၇၀ က အားကစားသမားတွေနဲ့ နည်းပြတွေဟာ ထောင်နဲ့ချီတဲ့ နိုင်ငံသားတွေရဲ့ အားပေးမှုနဲ့အတူ စစ်တီးဝိုင်းခြံရံပြီး စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မြို့တော်အတွင်း လမ်းတွေတလျှောက် ချီတက်လှည့်လည်ပြီးနောက် ပြုံယမ်းမြို့ တိုက်ကွမ်ဒိုခန်းမဆီ ချီတက်ပါတယ်။ မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်ခ်ပွန်ဂျူးနဲ့ အလုပ်သမားပါတီ နိုင်ငံရေးဗျူရို ကော်မတီဝင် ချိုးရယွန်ဟတို့ဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားသံရုံးတွေက အရာရှိတွေနဲ့အတူ ဒီပွဲကို တက်ရောက်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းအတော်များများက ကိုယ်စားလှယ်တွေလည်း ဒီပွဲကို တက်ခဲ့ကြပါတယ်။ ဖွင့်ပွဲမှာ တိုက်ကွမ်ဒို သရုပ်ပြကွက်တွေ၊ အကနဲ့ တခြား ဖျော်ဖြေမှုတွေလည်း ပါဝင် ပြသပါတယ်။ ပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်အထိ ကျင်းပမှာပါ။ ဒါဟာ မြောက်ကိုရီးယားမှာ နိုင်ငံတကာ တိုက်ကွမ်ဒို အသင်းချုပ်ရဲ့ ကမ္ဘာ့ချန်ပီယံရွေးပွဲကို တတိယအကြိမ်မြောက် ကျင်းပတာလည်း ဖြစ်ပါတယ်။
4 years Ago
Up