တုပ်ကွေးကာကွယ်ဆေး

October 27, 2020

ပြည်သူများ တုပ်ကွေးကာကွယ်ဆေးထိုးနှံကြရန် တောင်ကိုရီးယားအစိုးရ တိုက်တွန်း

တောင်ကိုရီးယား အစိုးရက ပြည်သူတွေ ရာသီပြောင်းတုပ်ကွေး ကာကွယ်ဆေးထိုးကြဖို့နဲ့ ကျန်းမာရေးစနစ်က ချမှတ်တဲ့ ခြေလှမ်းတွေကို ယုံကြည်ကြဖို့ အောက်တိုဘာ ၂၆ ရက်က တိုက်တွန်းလိုက်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံမှု နောက်ဆုံးအသုတ်ကို အောက်တိုဘာ ၂၆ ရက်မှာ စတင်ကာ ပြည်သူ ၁၄ ဒသမ ၇ သန်းကျော် ကာကွယ်ဆေးထိုးပြီးပြီလို့လည်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ ဒီလထဲမှာ ကာကွယ်ဆေးထိုးအပြီး လူ ၅၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် တုပ်ကွေးကာကွယ်ဆေး ဘေးကင်းမှုအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက်မှာ သတ်မှတ်အပူချိန်အတိုင်း သိုလှောင်သိမ်းဆည်းမထားတဲ့ တုပ်ကွေး ကာကွယ်ဆေး ထိုးဆေးလုံးရေ ၅ သန်းကို စွန့်ပစ်ခဲ့ရပါတယ်။ ကာကွယ်ဆေးတွေနဲ့ လူသေဆုံးမှုကြား တိုက်ရိုက်ပတ်သက်မှုရှိတာ မတွေ့ရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အပြီး တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အာဏာပိုင်တွေရဲ့ ကြေညာချက်တွေ ကောက်ချက်တွေကို ကျေးဇူးပြုပြီး ယုံကြည်ပေးကြပါလို့ သမ္မတ မွန်းဂျေးအင်းက အစည်းအဝေးထဲမှာ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက “ဆောင်းရာသီမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကောင်းကောင်းဝန်ပိစေမယ့် တုပ်ကွေး အကြီးစားကူးစက်မှုနဲ့ လက်ရှိ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါတို့အတွက် အမြော်အမြင်အနေနဲ့ တောင်ကိုရီးယား အစိုးရဟာ တုပ်ကွေးကာကွယ်ဆေးကို ဒီနှစ်မှာ ခါတိုင်းထက် ၂၀ ရာခိုင်နှုန်း ပိုတိုးပြီး ဝယ်ထားပါတယ်။ ဆေးထိုးခံ အယောက် ၁,၂၀၀ မှာ ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့တာကို အစီရင်ခံထားပြီး သေဆုံးသူ ၁၃ ယောက်ကို စစ်ဆေးနေပေမယ့် ကာကွယ်ဆေးနဲ့ တိုက်ရိုက်ပတ်သက်မှု မရှိဘူး။ ကာကွယ်ဆေးထိုးလို့ရတဲ့ အကျိုးကျေးဇူးက ဘယ်လို ဘေးထွက်ဆိုးကျိုးထက်မဆိုထက် သာသေးတယ်”လို့ ပြောပါတယ်။ တောင်ကိုရီးယားမှာ ရာသီပြောင်းတုပ်ကွေးကြောင့် နှစ်စဉ် လူ ၃,၀၀၀ ထက်မနည်း သေဆုံးနေတာပါ။
1 year Ago

October 22, 2020

တောင်ကိုရီးယားတွင် တုပ်ကွေးကာကွယ်ဆေးထိုးအပြီး လူ ၉ ဦး သေဆုံး

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တောင်ကိုရီးယားမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပြီး လူ ၉  ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။  ဒီအတွက် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုအပေါ်  စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သေဆုံးသူတွေဟာ ကာကွယ်ဆေးနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပေမဲ့  ရင်ခွဲစစ်ဆေးမှုအပါအဝင် စုံစမ်းစစ်ဆေးတာတွေကို လုပ်နေပါတယ်။  တောင်ကိုရီးယား ကျန်းမာရေးဒုဝန်ကြီးက သေဆုံးမှုနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ထုတ်ပြန်ဖို့ ခက်ခဲတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။  ဒီဖြစ်ရပ်ကြောင့် ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းစရာ အကြောင်းမရှိ ဘူးလို့လည်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးအေဂျင်စီ (KDCA) အကြီးအကဲက ပြောပါတယ်။  တုပ်ကွေးကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း လူသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဆိုးလ်မှာ ကာကွယ်ဆေးထိုးနှံခံဖို့ လူပေါင်း ဒါဇင်ချီ တန်းစီစောင့်ဆိုင်းနေကြ ပါတယ်။  တချို့ဒေသခံတွေကတော့ ကာကွယ်ဆေး ထိုးရမှာကို စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းက  ဖော်ပြပါတယ်။ 
1 year Ago
Up