တီအန်အယ်လ်အေက ဖမ်းဆီးထားသည့် ရွာသား ၁၁ ဦး ပြန်လွှတ်ပေး

December 13, 2016

တီအန်အယ်လ်အေက ဖမ်းဆီးထားသည့် ရွာသား ၁၁ ဦး ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လက တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့က ရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားရာမှာ မနေ့ညက ရွာသား ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ တီအန်အယ်လ်အေက ရွာသားတွေကို အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲဖမ်းသွားတာဖြစ်ပြီး သူတို့တွေဟာ အမှန်တကယ် ရွာသားတွေဖြစ်ကြောင်း ဝန်ခံချက်လက်မှတ်ထိုးပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တာလို့ မိုင်းတတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကောလိယက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ တီအန်အယ်လ်အေ တာဝန်ရှိသူတွေနဲ့ သွားတွေ့တယ်၊ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော၊ ရပ်မိရပ်ဖတွေရော၊ ပဋိပက္ခလျှော့ချရေးအဖွဲ့တွေရောပါ့၊ တီအန်အယ်လ်အေ တာဝန်ရှိသူတွေက ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ပြောပြီး ဝန်ခံချက်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးတယ်၊ ကျနော်တို့ မိုင်းတတ်ရွာသား ၁၀ ယောက်၊ ပြီးတော့ ဟိုနားရွာသားက ၁ ယောက်၊ စုစုပေါင်း ၁၁ ယောက်ပေါ့၊ စိုင်းအိုက်အိုင်ဆိုတဲ့ ပလောင်လူငယ်တယောက်တော့ မလွတ်သေးဘူး။” ရွာသားတွေဟာ ဖမ်းဆီးခံထားရစဉ်က ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းခံရတာတွေ ရှိပေမယ့် ပြန်လွတ်လာချိန်မှာတော့ အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ ရွာသားတွေ ပြန်လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့တဲ့ ရှမ်းနဲ့ တအာင်း ပဋိပက္ခလျှော့ချရေးအဖွဲ့ဝင် တဦးကတော့ သူတို့ဆီလာပြီး အကူအညီတောင်းထားတဲ့ ရွာသားပေါင်း ၁၁ ဦးသာရှိကြောင်း၊ ဒါပေမယ့် အထဲမှာ နောက်ထပ် ၂၀ ကျော်ကျန်သေးတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ “ကျမတို့ဆီ လာပြောထားတာတော့ ၁၁ ဦးပေါ့နော်၊ တဦးက လူမှားပြီး လွှတ်လိုက်လို့ နောက်ထပ်ပြန်ဆွေးနွေးဖို့ရှိတယ်၊ ဒါပေမယ့် လွတ်လာတဲ့သူတွေ ပြောတာကတော့ အထဲမှာ နောက်ထပ် ၂၀ ကျော်ကျန်သေးတယ်တဲ့၊ ဘယ်ရွာလဲတော့ မသိဘူး၊ ကျမတို့ နယ်မြေထဲမှာဆိုရင် ကြိုးစားပေးလို့ ရပါတယ်။” မနေ့ကလွတ်လာတဲ့ ရွာသား ၁၁ ဦးကတော့ နမ္မတူမြို့နယ် မိုင်းတတ်ရွာကဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ပြောင်းခင်းထဲမှာ အလုပ်လုပ်နေစဉ် အဖမ်းခံရကာ ကျေက်မဲမြို့နယ် ပန်ကွမ်ရွာသား ၂၄ ဦးကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်ကတော့ မနေ့က လွှတ်ပေးလိုက်တဲ့ ၁၁ ဦးဟာ အာရ်စီအက်စ်အက်စ်နဲ့ ဆက်နွယ်သူတွေဖြစ်ပြီး နောက်နောင် အဆက်အသွယ်မပြုဖို့ ၀န်ခံချက်နဲ့ လွှတ်ပေးလိုက်ကြောင်း၊ ကျောက်မဲမြို့နယ် ပန်ကွမ်ရွာမှာတော့ ရွာသားတွေဖမ်းထားတာ မရှိဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။ “နိုဝင်ဘာ ၂၀ ကနေ ၂၃ ရက်နေ့မှာ ကျနော်တို့တပ်နဲ့ အာရ်စီအက်စ်အက်စ် တိုက်ပွဲဖြစ်တယ်၊ မန်တုံမြို့နယ် မန်ဟိုင်းဘက်မှာ၊ တိုက်ပွဲကာလမှာ အာရ်စီအက်စ်အက်စ်သတင်းပေး ထောက်လှမ်းတဲ့လူတွေ ဖမ်းမိတယ်၊ ဖမ်းမိတော့ တိုက်ပွဲတွေပြင်းထန်နေတော့ မလွှတ်ချင်သေးဘူး၊ အခုက တိုက်ပွဲက နည်းနည်းလျော့လာတဲ့အတွက် ၁၂ ရက်နေ့က အုပ်ချုပ်ရေးမှူးနဲ့ မိဘဆွေမျိုးထံ ပြန်အပ်ပေးလိုက်တယ်၊ ကျောက်မဲမြို့နယ်ဘက်က သူတို့စွပ်စွဲထားတာရှိတယ်၊ စွပ်စွဲတော့ လှမ်းမေးကြည့်တော့ ပန်ကွမ်ရွာမှာ ရွာသားတွေဖမ်းထားတာမရှိဘူး၊ ပန်ကွမ်က ရှမ်းရွာမဟုတ်ဘူး၊ ပလောင်ရွာဖြစ်တယ်၊ ဖြစ်ရင်တောင်မှ ခေါ်ယူဆွေးနွေးတာပဲရှိတယ်၊ တိုက်ပွဲကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စတွေပေါ့၊ ရွာထဲမှာမေးလို့မရလို့ ခေါ်မေးတာပေါ့၊ အရပ်သားဖမ်းဆီးတာ တကြိမ်တခါမှ မရှိပါဘူး၊ စစ်သားစုဆောင်းတယ်ဆိုတာ ပလောင်လူမျိုးမဟုတ်ရင် မယူဘူး။” ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျောက်မဲခရိုင်တွင်း တီအန်အယ်လ်အေရဲ့ ဖမ်းဆီးခံရွာသား စုစုပေါင်း ၃၆ ဦးရှိကြောင်း၊ အဲဒီထဲမှာ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စုက ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌနဲ့ ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦး ပါဝင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုကာ ဖမ်းဆီးထားသူတွေ ချက်ချင်းပြန်လွှတ်ပေးဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
5 years Ago
Up