တရုတ်နိုင်ငံ မြို့တော် ဘေကျင်း တီယန်နန်မင်ရင်ပြင် နှိမ်နင်းမှု နှစ်ပတ်လည် အောက်မေ့ပွဲ တက်ဖို့ ထောင်သောင်းချီနေတဲ့ ဟောင်ကောင်မြို့သားတွေ ဗစ်တိုးရီးယားပန်းခြံဆီ ဇွန်လ ၄ ရက်က စုဝေး ရောက်လာကြပါတယ်။
အသက် ၂၃ နှစ်အရွယ် ကျောင်းသူတယောက်က "ဟောင်ကောင်အတွက် ဇွန်လ ၄ ရက်ဟာ တရုတ်ကွန်မြူနစ်ပါတီက လူသတ်အစိုးရဆိုတာ ပထမဆုံး မျက်မြင်တွေ့ရတဲ့နေ့ပဲ၊ ဒီဟာကို ကျမတို့ ရင်ဆိုင်ရလိမ့်မယ်လို့ ဟောင်ကောင်သားတွေ စတွေးခဲ့တဲ့အချိန်ပဲ၊ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေကို ပူးပေါင်းဖို့ စတွေးတဲ့အချိန်ပဲ၊ ဒါဟာ အဲလို အရေးကြီးပါတယ်" လို့ ပြောပါတယ်။
ဟောင်ကောင်က သမားရိုးကျ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို တက်ကြွလှုပ်ရှားသူ အုပ်စုတွေက ဆက်လုပ်နေပေမယ့် နှစ်စဉ် ပွဲတက်ရောက်သူ အရေအတွက် ကျဆင်းလာနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
၂၀၁၄ က လုပ်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းတဲ့ တက်ကြွလှုပ်ရှားရေး ဝါဒက ထိရောက်မှုရှိလား ဆိုတဲ့အပေါ် နိုင်ငံရေးတက်ကြွတဲ့ လူငယ် အများအပြားရဲ့ အမြင်တွေ ရောထွေးကုန်တယ်လို့ ကျောင်းသူက ဆက်ပြောပါတယ်။
ဟောင်ကောင်က ဝရမ်းပြေးတွေကို တရုတ်ပြည်မကြီး တရားရုံးတွေဆီ လွှဲပေးနိုင်တဲ့ ရာဇဝတ်သား လွှဲပေးရေး သဘောတူညီချက်ကို ဆန့်ကျင်ဖို့ ဒီမိုကရေစီရေး မဟာမိတ်တွေက ရွေးချယ်ထားပါတယ်။
ဒီဥပဒေ အတည်ပြုပြီးရင် ဇွန် ၄ ရက် အခမ်းအနားနဲ့ ပြတိုက်ကို ထိန်းသိမ်းဖို့ ခက်ခဲလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲကို တင့်ကားတွေပါ သုံးပြီး နှိမ်နင်းခဲ့တာကြောင့် ဆန္ဒပြ ကျောင်းသားတွေ သေဆုံးခဲ့ပေမယ့် သေဆုံးသူဦးရေကို တရုတ်အစိုးရက ဘယ်တုန်းကမှ မထုတ်ပြန်ခဲ့ပါဘူး။
လူ့အခွင့်အရေး အုပ်စုတွေနဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူ ရာဂဏန်း အတော်များများကနေ ထောင်ဂဏန်း အတော်များများထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
2 years Ago