တီဘီရောဂါ

November 9, 2018

တီဘီရောဂါသည်တွေ့ရှိပါက မဖြစ်မနေသတင်းပို့ရန် ကျန်းမာရေးဌာန တိုက်တွန်းနှိုးဆော်

အထွေထွေရောဂါကု ဆရာဝန်တွေအနေနဲ့ တီဘီရောဂါ လူနာတွေ့ရင် မဖြစ်မနေ အကြောင်းကြားကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ ခုနှစ် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်aဆွးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားမှာ တိုက်တွန်းလိုက်တာပါ။ “တီဘီရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထွေထွေရောဂါကု ဆရာဝန် တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်။ တီဘီလူနာတွေ့ရင် မဖြစ်မနေ အကြောင်းကြားဖို့  (Mandatory TB case Notification) အမိန့်ကြော်ငြာဟာ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလက ထွက်ရှိနေပြီဖြစ်လို့ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။” တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီ ပူးပေါင်းကုသတဲ့ လုပ်ငန်းကို  ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ တနိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေတွေ့ရှိသူအားလုံးရဲ့ ဆေးကုသပေးနိုင်မှု လိုအပ်ချက်ကို ၂၀၁၂ ခုနှစ်တုန်းက ၄၃ ရာခိုင်နှုန်း ရှိရာကနေ  ၂၀၁၇ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အမျိုးသားတီဘီရောဂါဆိုင်ရာဆွေးနွေးပွဲမှာ  ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးက တီဘီရောဂါဆိုင်ရာတာဝန်ခံ ဆရာဝန်ကြီးတွေက မိမိတို့ ဒေသအလိုက် တီဘီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ  ဆန်းစစ်သုံးသပ်ချက်တွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တီဘီရောဂါဆိုင်ရာ တာဝန်ရှိသူတွေကလည်း တီဘီရောဂါနဲ့ ပတ်သက်လို့  ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

January 2, 2017

တီဘီရောဂါ သံသယရှိသူတိုင်း ကျန်းမာရေးဌာနတွင် စစ်ဆေးရန် တိုက်တွန်း

တီဘီရောဂါဖြစ်ပွားသူတွေကို ခန့်မှန်းထားသလောက် မတွေ့ရသေးလို့ သံသယရှိသူတိုင်း ကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တီဘီဖြစ်ပွားနှုန်း မြင့်တဲ့နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှာ စတုတ္ထ အဖြစ်အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ခန့်မှန်းထားသလောက် ရောဂါသည်တွေ မတွေ့ရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောပါတယ်။ ချောင်းဆိုးတာ နှစ်ပတ်ရှိနေပြီဆိုရင်တော့ တခြားလက္ခဏာတွေကို မစောင့်တော့ဘဲနဲ့ အနီးဆုံး ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်ပြသဖို့ သူက တိုက်တွန်းပါတယ်။ “ပုန်းကွယ်လူနာတွေ ရှိနေတယ်။ ကုမယ့်ဆေးလည်း ရှိတယ်။ အဓိက ကတော့ လူနာတွေ့ဖို့ပဲ” လို့ သူက ပြောပါတယ်။ ကျန်းမာရေးဌာနကို မသွားရင်တောင်မှ ကျန်းမာရေးဝန်ထမ်းတွေဆီမှာ သလိပ်ခွက်တောင်းယူပြီး စစ်ဆေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဒေါက်တာဝင်းလွင်က “မြို့နယ်တိုင်းမှာ တီဘီကုသနိုင်ပြီး လူနာတွေအတွက် ကုသပေးရုံတင်မက စိတ်ဓာတ်ပိုင်းရော၊ အာဟာရအတွက်ရော ထောက်ပံ့ပေးပါတယ်” လို့ ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ဆေးယဉ်ပါးတီဘီရောဂါသည်တွေ တွေ့ရတာ တော်တော်များတယ်လို့လည်း သူက ဆိုပါတယ်။ “ရိုးရိုးတီဘီကို ကုရင်းကုရင်း ဆေးမတိုးတဲ့တီဘီ ဖြစ်သွားတာတော့ အများဆုံးပေါ့။ ဒါပေမယ့် စစချင်း ဖြစ်ကတည်းက ဆေးမတိုးတဲ့တီဘီ ဖြစ်တာကလည်း လူနာအသစ် ၁၀၀ မှာ ၅ ယောက်နှုန်း တွေ့ရတာကလည်း ကြောက်မက်ဖွယ်တွေ့ရတာပေါ့။” မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦးရေ ၉၀၀၀ လောက် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ရန်ကုန်တိုင်းဟာ ကူးစက်ခံရနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။
4 years Ago
Up