တီဂရေးဒေသ

November 29, 2020

တီဂရေးဒေသ မြို့တော်မာခယ်လေကို ထိန်းချုပ်နိုင်ပြီဟု အီသီယိုးပီးယား စစ်ဦးစီးပြော

အီသီယိုးပီးယား စစ်တပ်က တီဂရေးဒေသရဲ့ မြို့တော် မာခယ်လေကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ စစ်ဦးစီးအရာရှိချုပ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ တော်လှန်နေတဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) ထိန်းချုပ်ထားတဲ့ စစ်တပ်အခြေစိုက်စခန်းဖြစ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကနေ ထောင်ချီတဲ့ တပ်ဖွဲ့ဝင် တွေကို စစ်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ အီသီယိုပီးယား စစ်တပ်အကြီးအကဲ ဘီယာဟာနူ ဂျူလာက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မေခယ်လေမြို့ကို ပြည်ထောင်စုအစိုးရက အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ဝန်ကြီးချုပ် အာဘီအာမဒ်က တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်က စပြီး နိုင်ငံမြောက်ပိုင်းမှာ ပြည်ထောင်စုအစိုးရတပ်တွေကို တိုက်နေတဲ့ TPLF ခေါင်းဆောင်တွေကို ရဲတွေက ရှာနေတယ်လို့လည်း အာမဒ်က ဆိုပါတယ်။ TPLF ဘက်ကတော့ မှတ်ချက်တစုံတရာ မပြောသေးပါဘူး။ ဒေသတွင်း ဖုန်းနဲ့ အင်တာနက် အဆက်အသွယ်တွေက ပြတ်တောက်နေပြီး အသွားအလာကိုလည်း နိုဝင်ဘာ ၄ ရက် တိုက်ပွဲစတည်းက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာမို့ ဘက်အားလုံးက ပြောနေတဲ့စကားတွေ သတင်းအချက်အလက်တွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုဖို့ ခက်ခဲနေပါတယ်။ တီဂရေးဒေသအတွင်း သီတင်း ၃ ပတ်ကြာ ပဋိပက္ခတွေကြောင့် ထောင်ချီတဲ့လူတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြပြီး ကျန်ရစ်သူ လူမျိုးစုတွေကြား အကြမ်းဖက်မှုဖြစ်မှာကို ဆူဒန်နိုင်ငံရောက် တီဂရေး စစ်ပြေးဒုက္ခသည်တွေက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ ဆူဒန်နိုင်ငံဆီကို ဒုက္ခသည် အယောက် ၅၀၀ လောက် နေ့တိုင်း ဝင်ရောက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒုက္ခသည် အကြပ်အတည်းကို ဆူဒန်အစိုးရက စီမံခန့်ခွဲရာမှာ ကူညီဖို့ လာမယ့် ၆ လ အတွက် ကုလသမဂ္ဂ နဲ့ လူသားချင်းစာနာရေးအဖွဲ့တွေဟာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ လိုတယ်လို့ ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ကလည်း မှတ်ပုံတင်ပြီးသား ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ တလစာကို ဝေပေးခဲ့ပြီး ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း အထူးစီမံထားတဲ့ အာဟာရစားစရာကို ဝေမျှပေးခဲ့ပါတယ်။  တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်ကစပြီး ခုထိ ဆူဒန်နယ်စပ် ပြည်နယ်တွေဆီ ရောက်လာတဲ့ ဒုက္ခသည် ၄၃၀၀၀ ကျော်ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။  လူများစုဟာ စားနပ်ရိက္ခာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
Up