အင်ဒိုနီးရှားအလယ်ပိုင်း ဂျာဗားပြည်နယ်ထဲက မြို့ငယ်တမြို့ဟာ မြို့နေလူထုကို ကယ်ဆယ်ဖို့အတွက် လာမယ့်အပတ်ကစပြီး ၄ လတာ ကိုယ်ထူကိုယ်ထ ပိတ်ဆို့မှု Lock down လုပ်တော့မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
တီဂယ်လို့ ခေါ်တဲ့ ဒီမြို့လေးဟာ အခုအပတ်ထဲမှာကိုပဲ လူအဝင်အထွက်များတဲ့ လမ်းဝင်ပေါက်တွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေကို ဇူလိုင်လကုန် ၃၀ ရက်နေ့အထိ ပိတ်မယ်လို့ ကြေညာထားတာပါ။
ဒါကလည်း မြို့ကို ဒူဘိုင်းကနေ ပြန်လာတဲ့ မြို့ခံလူတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိလို့ပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ တီဂယ်ဟာ ဒီနည်းနဲ့ မြို့ခံအာဏာပိုင်တွေ၊ မြို့သူမြို့သားတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်ထူကိုယ်ထ ကိုယ့်ဘာသာ ပိတ်ဆို့လိုက်တဲ့ ပထမဆုံးမြို့ ဖြစ်လာပါတယ်။
အင်ဒိုလုံခြုံရေးဝန်ကြီး မာဖုဒ် အမ်ဒီကလည်း ဗဟိုအစိုးရအနေနဲ့ ဒေသခံအာဏာပိုင်တွေကို ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ဖို့အတွက် လိုအပ်ရင် ကိုယ့်ဒေသတွေကို ပိတ်ထားနိုင်ကြောင်း မနေ့က မတ် ၂၇ မှာ ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ ၁၁၅၅ ဦး၊ သေဆုံးသူ ၁၀၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅၉ ဦးရှိပြီလို့ သိရပါတယ်။
11 months Ago