တီကိုကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်

May 11, 2017

တီကိုကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ မေလ ၁၀ ရက်က ယှဉ်ပြိုင်ရာ အက်သလက်တီကိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့တွေ့ဆုံစဉ်က ရီးရဲလ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ရီးရဲလ်နိုင်ပြီး ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ တီကိုအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၂ မိနစ်မှာ တိုက်စစ်မှူး နီဂွက်ဇ်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် ၁၆ မိနစ်မှာ တီကို ပယ်နယ်တီ ကန်ခွင့်ရပြီး ဂရစ်ဇ်မန်းက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ တီကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ရီးရဲလ်အတွက် ချေပဂိုး ၁ ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာ ကွင်းလယ်လူ အစ္စကိုက အနီးကပ် ပိတ်သွင်းခဲ့ပါတယ်။ ပွဲချိန်တလျှောက် ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ အသာစီးရခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အနည်းငယ် အသာစီးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တီကိုက လိုအပ်တဲ့ အနိုင်ဂိုးတွေရဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်နောက်တန်းနဲ့ ဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့အတွက် ပထမပိုင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းဟာ အီတလီထိပ်သီး ဂျူဗင်တပ်စ်နဲ့ လာမယ့် ဇွန်လ ၃ ရက်နေ့ ကာဒစ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up