တိုးသုံး

September 16, 2021

ထိုင်ဝမ်အစိုးရ ကာကွယ်ရေးအသုံးစရိတ် တိုးသုံးရန် အဆိုတင်

ထိုင်ဝမ်အစိုးရဟာ လာမယ့်ငါးနှစ်အတွင်း ဒုံးကျည်အသစ်တွေအပါအဝင် ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံ အပိုထပ်သုံးဖို့ စက်တင်ဘာ ၁၆ ရက်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

အိမ်နီးချင်းအင်အားကြီးတရုတ်နိုင်ငံဆီက ပြင်းထန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ လက်နက်တွေ အဆင့်မြှင့်ဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

လက်နက်အသစ်တွေ အားလုံးကို ပြည်တွင်းမှာတင် ထုတ်လုပ်မှာလို့ ကာကွယ်ရေးဒုဝန်ကြီး ဝမ်ရှင်းလန်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင် ထုတ်လုပ်ရေး စွမ်းရည်ကို တိုးမြှင့်နေပြီး အမေရိကန်ကတော့ အရေးပါတဲ့ နည်းပညာနဲ့ ပစ္စည်းပံ့ပိုးသူအဖြစ် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်က ငွေနဲ့ဝယ်ဖို့ ရည်မှန်းထားတဲ့ လက်နက်တွေထဲမှာ ခရုဇ်ဒုံးကျည်တွေနဲ့ စစ်သင်္ဘောတွေ ပါတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် စီစဉ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၄၇၁ ဒသမ ၇ ဘီလီယံအပြင် အပိုထပ်ဆောင်း တောင်းခံငွေကို ထိုင်ဝမ်လွှတ်တော်က အတည်ပြုဖို့တော့ လိုပါသေးတယ်။

ဒါပေမယ့် လွှတ်တော်ထဲမှာ သမ္မတ ချိုင်အင်းဝမ်ရဲ့ လက်ရှိ အာဏာရပါတီက အကြီးအကျယ် လွှမ်းမိုးထားတာမို့ ချောချောမောမော အတည်ပြုမယ့် အနေအထားပဲလို့ ရိုက်တာသတင်းမျာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ဟာ နှစ်စဉ်ကျင်းပနေတဲ့ ဟန်ကွမ်းစစ်ရေးလေ့ကျင့်ပွဲကို ဆင်နွှဲနေချိန်ဟာ ခုကြေညာချက် ထွက်လာတာပါ။ 

ထိုင်ဝမ်စစ်တပ်ဟာ စက်တင်ဘာ ၁၅ ရက်က ဖုန့်ဟူကျွန်းစု ကမ်းခြေတခုမှာ ပင်လယ်ထဲကို အမြောက်နဲ့ ပစ်ခတ်ရင်း ကျူးကျော်စစ်ပွဲအတွက် ခုခံဖို့ ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။

2 months Ago

October 22, 2020

ဥရောပမဟာမိတ်နှင့်ကနေဒါတို့ ၆ နှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစရိတ် တိုးသုံး

ဥရောပမဟာမိတ်တွေနဲ့ ကနေဒါတို့ ကာကွယ်ရေး အသုံးစရိတ် ၄ ဒသမ ၃ရာခိုင်နှုန်း တိုးသုံး လာတာ ၂၀၂၀ ဟာ ခြောက်နှစ် ဆက်တိုက်ရှိပြီလို့ မြောက်အတ္တလန်တိတ် မဟာမိတ်အဖွဲ့နေတိုးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။  ဒီအစဉ်အလာက ဆက်သွားဖို့ မျှော်လင့်ထားတယ်လို့ သူက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။  အွန်လိုင်းကနေ ၂ ရက်ကြာ ကျင်းပမယ့် နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင် ခုလို ပြောလိုက်တာပါ။  ဥရောပရဲ့ အကြီးဆုံးစစ်အင်အား ပိုင်ရှင် ပြင်သစ်က ခန့်မှန်းခြေ ကာကွယ်ရေးအသုံးစရိတ် ၂ ဒသမ ၁ ရာခိုင်နှုန်း သုံးမယ်လို့ နေတိုးရဲ့ အစီရင်ခံစာတစောင်က ဆိုပါတယ်။  ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်မှုအပြီး ၂၀၁၄ ထိပ်သီး ညီလာခံမှာ နေတိုးခေါင်းဆောင်တွေက ကာကွယ်ရေးအသုံးစရိတ်တိုးဖို့ ပန်းတိုင်ကို ချမှတ်ခဲ့ တာပါ။  ပြင်သစ်ရဲ့ အသုံးစရိတ်က ပန်းတိုင်နဲ့ အညီဖြစ်နေပေမဲ့ တခြား ဥရောပမဟာမိတ် အများစု က အသုံးစရိတ် ပိုသုံးဖို့ တွန့်ဆုတ်နေလို့ အမေရိကန်အစိုးရအတွက် နာကျင်စရာ အချက် ဆက်ဖြစ်နေခဲ့ပါတယ်။  ကာကွယ်ရေးအသုံးစရိတ် အရေးဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ဘယ်သူ နိုင်သည်ဖြစ်စေ အမေရိကန်အတွက် အရေးကိစ္စတရပ် ဆက်ဖြစ်နေမယ့်ပုံ ပေါ်တယ်လို့ သံတမန်တွေ အရာရှိတွေနဲ့ ပညာရှင်တွေက ပြောပါတယ်။  ဥရောပမှာ အမေရိကန်စစ်တပ်တွေကို လက်ခံထားတဲ့ နိုင်ငံတွေ အတော်များများရှိပေမဲ့ ကာကွယ်ရေးအသုံးစရိတ် ပိုသုံးဖို့ တွန့်ဆုတ်နေတာပါ။  ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပမဟာမိတ်တွေဟာ အမေရိကန်ကို ဆက်ပြီး တန်ဖိုး ထားဦးမှာလားလို့ ပွင့်ပွင့်လင်းလင်း ထုတ်မေးခဲ့ပါတယ်။   
1 year Ago
Up