တိုးတက်မှု

February 16, 2020

တိုးတက်မှုတွေဟာ ကျနော် မျှော်လင့်ခဲ့တာထက်ပိုပြီးလျင်မြန်ခဲ့ပါတယ်-အာဆင်နယ်နည်းပြ

အသင်းက နိုင်ပွဲတွေ မရှာဖွေနိုင်ခဲ့ပေမယ့် သူ့လက်ထက်မှာ အာဆင်နယ်အသင်းဟာ ‌မျှော်လင့်ထားတာထက် ပိုမြန်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ အာဆင်နယ်နည်းပြ မီခေးအာတီတာက ပြောပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာမှာ တနိုင်ငံတည်းသား နည်းပြဖြစ်တဲ့ အူနိုင်းအမ်မရီဆီကနေ လွှဲပြောင်းရယူခဲ့ပြီးတော့ သူ့လက်ထက်မှာ အာဆင်နယ်အသင်းဟာ ပြောင်းလဲတိုးတက်မှုတချို့ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ အာတီတာ လွှဲပြောင်းရယူခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာတင် ကစားခဲ့တဲ့ ပွဲစဉ် ၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ပွဲကလည်း ၃ ပွဲသာ ရှိပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပေမယ့် နည်းပြ အာတီတာကတော့ သူ့လက်ထက်မှ အမှန်တကယ် ဖြစ်ပေါ်တဲ့ တိုးတက်မှုတွေအတွက် ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။ “တိုးတက်မှုတွေဟာ ကျနော် မျှော်လင့်ခဲ့တာထက်ပိုပြီး လျင်မြန်ခဲ့ပါတယ်။ ကျနော် ဒီကို စရောက်လာတုန်းက ကျနော် မသိတဲ့ အကြောင်းကိစ္စများစွာကို မြင်တွေ့ခဲ့ရပြီးတော့ ဖြေရှင်းခဲ့ရပါတယ်။ ကျနေ်ာတို့ နိုင်ပွဲတွေ အများကြီးမရသေးပါဘူး။ ဒါပေမဲ့ ကျနော့်ဘက်မှာ ဘာလို့ နိုင်ပွဲမရလဲဆိုတဲ့ အကြောင်းတရားကို ရှာတွေ့ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ပွဲတွေကို လျင်လျင်မြန်မြန် ရှာဖွေဖို့ လိုအပ်ပါတယ်။ နောက်လာမယ့် သီတင်းပတ် နှစ်ခု၊ သုံးခုအတွင်း ကျနော်တို့ နောက်လာမယ် သီတင်းပတ်တွေမှာ ဥရောပဝင်ခွင့်အတွက် ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်” လို့လည်း အာတီတာက ပြောပါတယ်။  လက်ရှိ ပရီးမီယားလိဂ်ပွဲစဉ် ၂၅ ပွဲကစားပြီးချိန်မှာ အာဆင်နယ်အသင်းဟာ ၆ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၁၀ မှတ်၊ အဆင့် ၅ နေရာက ရှက်ဖီးလ်အသင်းနဲ့ ၈ မှတ်အကွာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အာတီတာဟာ အာဆင်နယ်အသင်းမှာ ဒီထက်ပိုကောင်းတဲ့ တိုးတက်မှုတွေကို မြင်တွေ့ချင်နေတာပါ။ ရာသီဝက် အားလပ်ရက် ပြီးဆုံးချိန်ကာလကို အာတီတာက အရေးပါတဲ့အချိန် အပိုင်းအခြားအဖြစ် သတ်မှတ်ထားပြီး အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာလည်း အိုလံပီယာကော့စ်အသင်းနဲ့ ဂရိမြေကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
1 year Ago
Up