တိုးဂိတ်စည်ပင်ဝန်ထမ်းများ

January 20, 2020

အမရပူရမြို့နယ် တိုးဂိတ်စည်ပင်ဝန်ထမ်းများအား ရိုက်နှက် ငွေလုယူသူများကို အမှုဖွင့်

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ထုံးဘိုမြစ်ငယ်လမ်းခွဲက တိုးဂိတ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေက တာဝန်ထမ်းဆောင်နေတဲ့ မန္တလေး မြို့တော်စည်ပင်က ဝန်ထမ်းတွေကို ထော်လာဂျီသမားတွေက ရိုက်နှက်ပြီး ကောင်တာက ငွေတွေ လုယူခဲ့တယ်လို့ စည်ပင်က ပြောပါတယ်။ စည်ပင်သာယာရေးကော်မတီ ရဲတပ်ဖွဲ့မှူး ငြိမ်းချမ်းအောင်က “၁၂ ဦး ဒဏ်ရာရခဲ့တယ်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ မန္တလေးပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားပါတယ်။ အဆောက်အဦတချို့က မှန်တွေပျက်စီးခဲ့ပြီး ငွေကောင်တာထဲ သုံးသိန်းကျော်ကို ယူသွားခဲ့တယ်။ အလှူအလှည့်တခုကို စည်ပင်ဝန်ထမ်းတွေက လမ်းရှင်းပေးနေရင်း တဖက်ယာဉ်ကြောက ထော်လာဂျီသမားက လမ်းရှင်းပေးတဲ့ စည်ပင်ဝန်ထမ်းကို ဝင်တိုက်မိရာကနေ ဝန်ထမ်းတွေတွေကို ရိုက်နှက်ခဲ့ပြီး ငွေတွေကို ယူသွားခဲ့တာကြောင့် အခုပဲ တည်ဆဲဥပဒေနဲ့အညီ အမှုဖွင့်ထားပါတယ်” လို့ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အခုလို ဖြစ်ပွားခဲ့တာကြောင့် ဂိတ်အဆောက်အဦ မှန်ကပ် ၇ ချပ်၊ ပန်းအိုး ၅ လုံး ပျက်စီးခဲ့ပြီး ဒဏ်ရာရဝန်ထမ်း ၁၂ ယောက်ကတော့ မန္တလေး အထွေထွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ ထုံးဘိုမြစ်ငယ်တိုးဂိတ်က ဝန်ထမ်းတွေအား ရိုက်နှက်ပြီး ကောက်ခံထားရှိတဲ့ ငွေတွေ လုယူသွားတဲ့ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာနေ မိုးမင်း အပါအဝင် အယောက် ၂၀ ကို အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၃၂၊ ၄၄၀၊ ၁၁၄ တို့အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
1 year Ago
Up