တိုးချဲ့

August 25, 2018

အမေရိကန်ရေတပ် တိုက်ခိုက်နိုင်စွမ်းကို ရုရှားပိုင်နက်အနီးထိ တိုးချဲ့

အမေရိကန်အမှတ် ၂ ရေတပ်ရဲ့ စစ်ရေးအရ တိုက်ခိုက်နိုင်စွမ်းကို ရုရှားပိုင်နက်နယ်မြေအနီးအထိ တိုးချဲ့သွားမယ်လို့ အမေရိကန်ရေတပ်စစ်ဆင်ရေးချုပ် ဂျွန်ရစ်ချတ်ဆင်က သြဂုတ် ၂၄ ရက်နေ့မှာ ပြောကြားသွားပါတယ်။ အမေရိကန် အမှတ် ၂ ရေတပ်ရဲ့ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းကို ရုရှားပိုင်နက်အနီး မြောက်အတ္တလန္တိတ် ဧရိယာအထိ တိုးချဲ့မှာဖြစ်ပြီး အလျင်အမြန်တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ လေ့ကျင့်သွားမယ်လို့လည်း ရစ်ချက်ဆင်က ပြောပါတယ်။ အဲဒီရေတပ်ဟာ ယခင်က အတ္တလန္တိတ်အနောက်ပိုင်းကိုသာ တပ်ဖြန့်ချထားခဲ့ပေမယ့် ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ အဲဒီဒေသဟာ ပိုမိုအေးချမ်းတည်ငြိမ်မှုရှိတာကြောင့် အခုလို မြောက်အတ္တလန္တိတ် ဧရိယာဘက်ကို  ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ အခုလို စစ်ဆင်ရေးဧရိယာတိုးချဲ့မှုဟာ အခုနှစ်အစောပိုင်းက ထုတ်ပြန်ထားတဲ့ အမေရိကန်အမျိုးသား ကာကွယ်ရေးမဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော်တာလို့ အမေရိကန်ရေတပ် ဒု-ဗိုလ်ချုပ်ကြီး အန်ဒရူး လူးဝစ်ကပြောကြားပါတယ်။ အဲဒီကာကွယ်ရေး မဟာဗျူဟာမှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ပြိုင်ဆိုင်မှုကို အလေးထားဖော်ပြထားတာပါ။ ရုရှားပိုင်နက်အနီးမှာ အမေရိကန်စစ်သင်္ဘောတွေကို ထားရှိခြင်းအားဖြင့် အမေရိကန်ရေတပ်ကို ခြိမ်းခြောက်နိုင်တဲ့ ရုရှားရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း ဘော့ဝေါ့ခ် ကပြောကြားသွားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up