တိုရှီဘာ

July 22, 2015

တိုရှီဘာ စီအီးအို ရာထူးမှ နုတ်ထွက်

ဂျပန်နိုင်ငံအခြေစိုက် တိုရှီဘာ အီလက်ထရောနစ် ကော်ပိုရေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် (စီအီးအို) ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ကုမ္ပဏီအမြတ်ငွေကို အမှန်ထက်ပိုပြီး လိမ်လည်ပြခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က ရာထူးက နုတ်ထွက်သွားပါတယ်။ သူရဲ့နေရာမှာ လက်ရှိ တိုရှီဘာဥက္ကဋ္ဌက ဆက်လက်တာဝန်ယူထားပါတယ်။ စီအီးအိုနဲ့အတူ ဒု-ဥက္ကဋ္ဌလည်း တာဝန်က နုတ်ထွက်သွားပါတယ်။ တိုရှီဘာကော်ပိုရေးရှင်းက ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မတီက တိုရှီဘာကုမ္ပဏီဟာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ပိုပြခဲ့တာပါ။ ဒါဟာ ကုမ္ပဏီက တွက်ချက်ခန့်မှန်းထားတာရဲ့ ၃ ဆ ဖြစ်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ အသက် ၆၄ နှစ်အရွယ် စီအီးအို တာနာကာနဲ့ အသက် ၆၆ နှစ်အရွယ် ဒု-ဥက္ကဋ္ဌ ဆာဆာကီဟာ တိုရှီဘာကော်ပိုရေးရှင်းမှာ ၁၉၇၀ အစောပိုင်းနှစ်တွေက တိုရှီဘာကော်ပိုရေးရှင်းမှာ စတင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြတာပါ။ ကုမ္ပဏီအမြတ်ငွေတွေကို လိမ်လည်ပြခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်တွေမှာ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဆာဆာကီဟာ ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာပါ။ အခုနှစ်ဆန်းပိုင်းက ကုမ္ပဏီငွေစာရင်းကို စာရင်းစစ်အာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးချိန်မှာ ဒီလိမ်လည်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့တာပါ။ ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ဒီလိမ်လည်မှုကြောင့် စိတ်မကောင်းဖြစ်ရပြီး ဂျပန်စီးပွားရေး ကော်ပိုရေးရှင်းတွေအပေါ် လူတွေရဲ့ ယုံကြည်မှု ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ဂျပန်အစိုးရဟာ ၂၀၁၁ ခုနှစ်က အိုလံပတ်စ် အီလက်ထရောနစ် ကုမ္ပဏီကြီး အရှုံးငွေ ၁ ဒသမ ၇ ဘီလီယံကို ဖုံးကွယ်ခဲ့မှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်နေချိန်မှာ အခုလို တိုရှီဘာက အမြတ်ငွေပိုပြမှု ထပ်ဖြစ်ခဲ့တာပါ။
6 years Ago
Up