တိုရီနိုအသင်းနည်းပြ

February 5, 2020

တိုရီနိုအသင်းနည်းပြ ဝေါ်တာမက်ဇာရီ ရာထူးက ထုတ်ပယ်ခံရ

လက်စီအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ စီးရီးအေကလပ် တိုရီနိုအသင်းဟာ နည်းပြ ဝေါ်တာမက်ဇာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  အသင်းငယ်လေး လက်စီကို ၄ ဂိုး ဂိုးမရှိ ရှုံးနိမ့်ခဲ့တာကြောင့် မက်ဇာရီအပေါ် ဘုတ်အဖွဲ့ရဲ့ စောင့်ကြည့်မှုသက်တမ်းဟာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ကို ဖေဖော်ဝါရီ ၄ ရက်မှာ ရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ မန်နေဂျာရာထူးအတွက် လူငယ်အသင်းနည်းပြ မော်ရီနိုလွန်ဂိုကို ရာသီကုန်အထိ ခန့်အပ်လိုက်တယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ မက်ဇာရီရဲ့ တိုရီနိုအသင်းဟာ အတ္တလန္တာအသင်းကို ၇ ဂိုးပြတ်အပါအဝင် ၄ ပွဲ ဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး အေစီမီလန်ကို ရှုံးနိမ့်ခဲ့တာကြောင့်လည်း ကိုပါအီတလီပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီရလဒ်တွေကြောင့် မက်ဇာရီရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ သူ့ကိုထုတ်ပယ်လိုက်ပြီလို့ အသင်းဘက်က ကြေညာလိုက်တာပါ။ “လက်ရှိအသင်းရဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးချိန်မှာတော့ အသင်းဥက္ကဋ္ဌ အူဘရာနို ကိုင်ရိုနဲ့ နည်းပြ ဝေါ်တာမက်ဇာရီတို့ဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ အသင်းဘက်က ထုတ်ပြန် ကြေညာပါတယ်။ နှစ်နှစ်တာ နည်းပြ ကာလအတွင်း ဆောင်ရွက်ပေးခဲ့တာတွေအတွက် ‌ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။  မက်ဇာရီဟာ တိုရီနိုအသင်းကို ၂၀၁၈ ဇန်နဝါရီလမှာ ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့နည်းပြဘဝ အစပိုင်းဟာ ကောင်းမွန်ခဲ့ပါတယ်။  အဲဒီနှစ်မှာပဲ သူ့ကို အသင်းကို စီးရီးအေ အမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဥရောပဝင်ခွင့် တနေရာကိုလည်း ရရှိခဲ့ပါတယ်။  ဒါပေမဲ့ ခြေစစ်ပွဲအဆင့်မှာ ဝုဖ်အသင်းကို ရှုံးနိမ့်ခဲ့တာက သူတို့ရဲ့ အိပ်မက်တွေကို ရပ်တန့်စေခဲ့ပြီး အဲဒီကစလို့ အသင်းဟာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိခဲ့ပါတယ်။  ပြည်တွင်းပြိုင်ဘက် အတ္တလန္တာအသင်းကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာက အသင်းရဲ့ အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့ကာ ပွဲမပြီးခင်မှာတင် အသင်းပရိသတ်ထောင်ချီက ကွင်းထဲက ထွက်ကာ အပြင်မှာစုဝေးပြီး အသင်းရဲ့ခြေစွမ်းအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။  ဒီအပွဲအပြီးမှာ အသင်းကစားသမားတွေဟာ အဝတ်လဲခန်းထဲမှာ ငိုကြွေးခဲ့ကြတယ်လို့ သိရပြီး နောက်ဆုံးအသင်းရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ကာ မက်ဇာရီကို ရာထူးကနေ ထုတ်ပယ်ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။
1 year Ago
Up