တိုင်း ၅ တိုင်း

December 24, 2020

ထိုင်းနိုင်ငံတွင် တိုင်း ၅ တိုင်းကို အသွာအလာကန့်သတ်

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့ ဒီဇင်ဘာ ၂၃ ရက်က စပြီး ဇန်နဝါရီ ၄ ရက်ထိ တိုင်းငါးတိုင်းကို အသွားအလာပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းချမှတ်လိုက်ပြီလို့ ထိုင်းအမျိုးသားသတင်းဗျူရို NNBT က သတင်းထုတ်ပြန်ပါတယ်။ စမွတ်စာခွန်ကိုတော့ အတင်းကြပ်ဆုံးအနေနဲ့ ဒီဇင်ဘာ ၁၉ ကနေ ဇန်နဝါရီ ၃ ရက်ထိ ရောဂါခြေချုပ် ကန့်သတ်ချက်အောက်မှာ ထားရှိလိုက်တာပါ။ စမွတ်ပရာကန်နဲ့ စမွတ်ဆုံခရမ်တိုင်းတို့မှာတော့ ဒီဇင်ဘာ ၂၃ ရက်ကနေ ဇန်နဝါရီ ၄ ရက်ထိ ကြားကာလမှာ နှစ်သစ်ကူးပွဲစဉ် အားလုံး ဖျက်သိမ်းပြီး အများပြည်သူဆိုင်ရာ ပွဲတွေ အခမ်းအနားတွေ ပိတ်သိမ်းဖို့ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းချမှတ်ထားပါတယ်။ ဆူဖန်ဘူရီတိုင်း ဆုမ်ဖိနွန်ခရိုင်မှာလည်း အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းချမှတ် ထားပါတယ်။ ချင်းမိုင်တိုင်းက ထာ့တွန်၊ မလိခနဲ့ မဲ့အိုင်ခရိုင်တွေမှာလည်း အသွားအလာ ကန့်သတ်ချက် လော့ဒေါင်း ချမှတ်ထားပါတယ်။ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီထိ ရထားတဲ့ အတည်ပြုချက်အရ နောက်ထပ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ၆၇ ယောက်ကို တွေ့ထားလို့ စုစုပေါင်းကူးစက်ခံ ဦးရေ ၅၈၂၉ဦး ရှိလာပြီး ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ တိုးမလာဘဲ အယောက် ၆၀ မှာ ရပ်နေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးသင့်နိုင်ချေရှိတဲ့ အုပ်စုထဲက ဘယ်သူ့ကိုမဆို ကူးစက်မှု ရှိမရှိ အခမဲ့ စမ်းသပ်ပေးဖို့ ထိုင်းတနိုင်ငံလုံးက ပုဂ္ဂလိကဆေးရုံတွေကို ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ရေးဌာန DHS က ညွှန်ကြားထားတယ်လို့  NNBT က သတင်းထုတ်ပြန်ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု လှိုင်းသစ်ကြောင့် ကူးစက်ခံတွေကို တွေ့ခဲ့တဲ့ နေရာတွေဆီ သွားဖူးတဲ့လူတွေနဲ့ စမွတ်စာခွန်တိုင်းအတွင်း ဒေသခံတွေကြားမှာ အကြီးအကျယ် စိုးရိမ်နေကြတယ်လို့ DHS ညွှန်ချုပ် ဒေါက်တာ တာရက်စ် ခရက်စ်ဆာနိုင်ရာဝိဝုန်က ပြောပါတယ်။  ဒါကြောင့် ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ အစစ်ဆေးခံချင်တဲ့လူတွေ ဘယ်ဆေးရုံမှာမဆို အခမဲ့ စစ်ဆေးနိုင်ပြီး ကူးစက်ခံထားရရင်လည်း အခမဲ့ ဆေးကုပေးမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ စီမံခန့်ခွဲရေးဌာနဟာ ကူးစက်လှိုင်းကို ထိန်းချုပ်နိုင်စွမ်း ရှိမှာဖြစ်ပြီး စမွတ်စာခွန်တိုင်းထဲမှာ ရောဂါခြေချုပ်နဲ့ နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလုပ်သားတွေနည်းတူ ကျန်းမာရေး လိုအပ်ချက်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုပြောခွင့်ရ နတ်တာပါနု နိုပါကွန်က ပြောခဲ့ပါတယ်။
10 months Ago
Up