တိုင်းသစ်ထုတ်ရေးဝန်ထမ်းအိမ်ရာဝင်း

November 4, 2020

မုံရွာမြို့ရှိ တိုင်းသစ်ထုတ်ရေးဝန်ထမ်းအိမ်ရာဝင်းအတွင်း လက်လုပ်မိုင်းတွေ့ရှိ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ တိုင်းသစ်ထုတ်ရေး ဒုမန်နေဂျာ ဝန်ထမ်းအိမ်ရာဝင်းမှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းက လမ်းဘေးရပ်ထားတဲ့ ရုံးသုံးကားအတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့ခဲ့ပါတယ်။ အဆိုပါလက်လုပ်မိုင်းကို လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားခဲ့ကာ သက်ဆိုင်ရာတွေနဲ့ သွားရောက်စစ်ဆေးရာကနေ လက်လုပ်မိုင်းဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါ။  အိုးဘိုတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက “ကိုသိန်းထွန်းဆိုတဲ့လူက လမ်းလျှောက်ရင်း လမ်းဘေးရပ်ထားတဲ့ ရုံးသုံးကားနောက်ခန်းကို လှမ်းကြည့်တာကနေ တွေ့လို့ အကြောင်းကြားတယ်။ အဲဒါနဲ့ လှန့်တာလားဆိုပြီး သွားကိုင်ကြည့်တော့ နောက်ကျောမှာကျတော့ ဘတ္ထရီခြောက်တွေနဲ့ အသေအချာလုပ်ထားတာ။ အဲဒါနဲ့ BE တပ်တို့ ဘာတို့ကို လှမ်း ဆက်သွယ်တယ်။ အသက်ကတော့ မပါဘူးပြောတယ်။ စနက်တံမပါဘူးပေါ့” လို့ ပြောပါတယ်။ လက်လုပ်မိုင်းက ချိန်ကိုက်မိုင်းပုံစံမျိုးဖြစ်ပြီး ဖုန်းအားသွင်းတဲ့ Power Bank နဲ့ Keypad ဖုန်းတို့နဲ့ ပြုလုပ်ထားပြီး တရုတ်စာတမ်းပါ ဗျောက်အိုး ၁၀ လုံးနဲ့ပြုလုပ်ထားတာပါ။ ကားက သစ်ထုတ်ရေးရုံးသုံးကားဖြစ်ပြီး ရပ်ထားတာ ၂ ရက်ကြာပြီလို့လည်း သိရှိရပါတယ်။  အခုတွေ့ရှိတဲ့ နေရာက သီးသန့်နေရာဖြစ်လို့ ပြည်သူကို အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်တာမျိုးမဟုတ်နိုင်ဘူးလို့လည်း အုပ်ချုပ်ရေးမှူးက သုံးသပ်ထားပါတယ်။  အိုးဘိုတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက “အဲဒီမှာက လူဦးရေလည်း နည်းတယ်။ ပြင်ပလူအဝင်အထွက်လည်း သိပ်မရှိဘူး။ အချင်းချင်းမ‌ကျေနပ်လို့ ချောက်ချတာလားပေါ့။ ဘာလို့လဲဆိုရင် အများပြည်သူကို အထိတ်တလန့်ဖြစ်အောင်ဆိုရင် ကန်သာယာလို၊ လွှတ်တော်ဘေးလို လူစည်ကားတဲ့နေရာတွေရှိတယ်။ အခုက သီးသန့်နေရာလို ဖြစ်နေတာဆိုတော့ လူမှုရေးကိစ္စ ဖြစ်မလား၊ တခြားကိစ္စဖြစ်မလားပေါ့လေ။ ကျနော်တော့ အဲလိုပဲထင်တယ်” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ခရိုင်၊ မြို့နယ်တွေအတွင်း မဲရုံတွေ၊ ဘာသာရေး အဆောက်အဦတွေ၊ အစိုးရ၊ ပုဂ္ဂလိက အဆောက်အဦတွေ၊ လူနေထူထပ်တဲ့နေရာတွေမှာ အဖျက်အမှောင့် လုပ်ငန်းတွေ၊ ဗုံးထောင်မှုတွေ ပြုလုပ်တာမရှိစေဖို့ လုံခြုံရေး အလေးထား ဆောင်ရွက်ကြဖို့ ညွှန်ကြားချက်စာတစ်စောင်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီကနေ ထွက်ပေါ်ခဲ့ပါသေးတယ်။  လတ်တလောမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ကလည်း ရက်ပိုင်းသာလိုတော့တာ လည်း ဖြစ်ပါတယ်။ လက်ရှိ လက်လုပ်မိုင်းတွေ့တာနဲ့ပတ်သက်ပြီး ပိုမိုသိရှိရဖို့  သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
1 year Ago
Up