တိုင်းပြည်ညီညွတ်ရန်

November 12, 2020

တိုင်းပြည်ညီညွတ်ရန်နှင့်ချစ်မေတ္တာရှိရန် ထိုင်းဘုရင် အသိပေး

ထိုင်းဘုရင် မဟာ ဝဂျီရာလောင်ကွန်းက တိုင်းပြည်ညီညွတ်ရေးနဲ့ ချစ်ခြင်းမေတ္တာအတွက် သတင်းစကားတွေကို နိုဝင်ဘာ ၁၀ ရက်က ရေးခဲ့ပါတယ်။  ဥဒုံဌာနီခရိုင်မှာ ဘုရင်နဲ့ ပြည်သူတွေ့ဆုံပွဲအတွင်း ဘုရင်ဟာ မိဘုရား ဆုသီဒါနဲ့အတူ လမ်းလျှောက် ထွက်လာပြီး သူ့ဓာတ်ပုံကို ကိုင်ရင်းကြိုဆိုတဲ့  ပြည်သူတွေကို  နှုတ်ဆက်ပါတယ်။  ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ထိုင်းပြည်သူတွေ ဝမ်းသာပျော်ရွှင်ဖို့ နိုင်ငံကို အကြင်နာတရားနဲ့ စောင့်ရှောက်ဖို့ တိုင်းပြည်ကို ဂရုစိုက်ဖို့ လိုတယ်လို့ သူ့ဓာတ်ပုံနောက်ကျောမှာ ထိုင်းဘုရင်က သတင်းစကား ရေးခဲ့တာပါ။  တော်ဝင်ဇနီးမောင်နှံရဲ့ ဓာတ်ပုံကို လူအုပ်ထဲက ပရိသတ်တယောက်က ကမ်းပေးချိန်မှာ ဘုရင်က “နိုင်ငံကို ချစ်ပါ၊ ပြည်သူကို ချစ်ပါ၊ ထိုင်းနိုင်ငံသား ဖြစ်ရတာကို တန်ဖိုးထားပါ။ တကယ့် ပျော်ရွှင်မှုပါပဲ”လို့ ဓာတ်ပုံ နောက်ကျောမှာ ရေးခဲ့ပါတယ်။  ဆန္ဒပြသူတွေက သူ့ရဲ့ သြဇာကို ထိန်းချုပ်ကန့်သတ်ဖို့ တော်ဝင်ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုပြီး ၂ ရက်အကြာမှာ ခုလို တုံ့ပြန်လိုက်တာပါ။  အရင်အပတ်ကတော့ ထိုင်းဘုရင်က ဆန္ဒပြသူတွေအပေါ် ပထမဆုံး မှတ်ချက်စကား အတွင်း သူတို့အားလုံးကို အတူတူ ချစ်မြတ်နိုးပါတယ်လို့ ပြောခဲ့ပါတယ်။  ထိုင်းနိုင်ငံကိုလည်း အလျော့အတင်း အပေးအယူ လုပ်နိုင်တဲ့မြေအဖြစ် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။  နိုဝင်ဘာ ၈ ရက်က ထောင်ချီတဲ့ ဆန္ဒပြသူတွေ ဘန်ကောက်မြို့တော်က တော်ဝင် နန်းတော်ဆီ ချီတက်ခဲ့ကြပြီး အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။  ထိုင်းနိုင်ငံမှာ ဇူလိုင်ကစတဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ဘုရင့်ရဲ့ အဆက်အသွယ်တွေဟာ သတိရှိရှိ စောင့်ကြည့်ခံနေရပြီး တော်ဝင်နန်းတော်က ဘယ်လို မှတ်ချက်မှ မပေးခဲ့ပါဘူး။  စစ်အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ရာထူးက နှုတ်ထွက်ဖို့၊ အခြေခံဥပဒေသစ် ရေးဆွဲဖို့နဲ့ ဘုရင့် သြဇာကို ကန့်သတ်လျှော့ချရေး  ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြဖို့ ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။  ပရာယွတ်သ်ကတော့ ၂၀၁၄ အာဏာသိမ်းပွဲမှာ ရထားတဲ့သြဇာကို ထိန်းဖို့ မနှစ်က ရွေးကောက်ပွဲကို အသုံးချခဲ့တယ်ဆိုတဲ့ စကားကို ငြင်းဆန်ပြီး ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 
1 year Ago
Up