တိုင်းနှင့်ပြည်နယ်

December 20, 2020

ကိုဗစ်အတွက် တိုင်းနှင့်ပြည်နယ် ကျန်းမာရေး/ကုသရေး ဦးစီးမှူးများကို လုပ်ပိုင်ခွင့်ပေး

ကိုဗစ်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေကို ကျန်းမာရေးအရှိတွေအဖြစ် တာဝန်ပေးလိုက်ပြီး တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးတွေကိုတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး တားမြစ် ကန့်သတ်ပိတ်ပင်မိန့်တွေ ထုတ်ပြန်ခွင့်ပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အခုလို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးလိုက်တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်ကပဲ ကျန်းမာရေးဝန်ကြီးဟာ ကိုဗစ်ရောဂါကို ကူးစက်မြန်ရောဂါ ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေမှာပါတဲ့ ကျန်းမာရေးအရာရှိ ဆိုတာအတွက် ဘယ်သူ့တွေကို တာဝန်ပေးတယ်လို့ မထုတ်ပြန်ထားခဲ့ပါဘူး။ အခုတော့ အဲဒီတာဝန်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတွေကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဥပဒေအရ ရောဂါဖြစ်နေသူကို အိမ်ကနေ ထွက်ခွာခွင့်၊ ရောဂါဖြစ်နေတဲ့ အိမ်၊ ရပ်ကွက်၊ ရွာ၊ မြို့က လူတွေကို ပြင်ပကို ထွက်ခွာခွင့်၊ အဲဒီနေရာတွေကို တခြားနေရာကလူတွေ ဝင်ရောက်ခွင့် စတဲ့ တားမြစ်မိန့်တွေ ထုတ်ပြန်ဖို့အတွက်လည်း တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူးတွေကို လုပ်ပိုင်ခွင့် အပ်နှင်းတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၅,၁၈၇ ယောက်၊ သေဆုံးသူ ၂,၄၂၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၄,၁၁၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
11 months Ago

November 1, 2020

တိုင်းနှင့်ပြည်နယ်အချို့  မိုးဆက်ရွာနိုင်ဟု မိုးဇလထုတ်ပြန်

တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ နောက်တပတ်လောက်အထိ မိုးရွာနေနိုင်သေးပြီး မနက်ပိုင်းမှာ မြူထူတွေ ဆိုင်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ၅ ရက်ကနေ ၇ ရက်လောက်အထိ၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကရင်ပြည်နယ်တို့မှာတော့ ၂ ရက် ကနေ ၄ ရက်လေက်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလအတွက် ခန့်မှန်းထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲလောက်ပဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်နိုင်တယ်လို့ ဆိုပြီး ဒီမနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း မြန်မာ့ကမ်းလွန်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေဆီကို ရွေ့လျားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြူအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၅ ရက် ကနေ ၇ ရက်လောက်၊ နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ၂ ရက်ကနေ ၄ ရက်လောက် မနက်ပိုင်းတွေမှာ မြူထူတွေ ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။
1 year Ago
Up