တိုင်းဒေသကြီးလွှတ်တော်

February 7, 2021

NLD ပါတီ အနိုင်ရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ခေါ်ယူကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တိုင်းလွှတ်တော် စတင်ခေါ်ယူကျင်းပပါတယ်။ 

ဒီလွှတ်တော်အစည်းအအဝေးကို မုံရွာမြို့နဲ့အနီးတဝိုက်အပြင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့ မြို့နယ်တွေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦး တက်ရောက်ခဲ့ကြပါတယ်။ 

အစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲက ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုး ကတိပြုခဲ့ကြပြီး အဝေးကလွှတ်တော်ကိုယ်စားလှယ်တွေကလည်း တယ်လီဖုန်းနဲ့ ကတိသစ္စာပြုခဲ့ကြပါတယ်။ 

ဒါ့အပြင် တက်ရောက်လာသူတွေထဲက တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representative Sagaing Region Hluttaw (CRSH) ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ 

ကော်မတီအနေနဲ့ ပါတီဗဟို၊ ပြည်ထောင်စု၊ တိုင်းကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ညှိနှိုင်းချိတ်ဆက်ရေး၊ အချက်အချာကျပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရေး၊ လိုအပ်တဲ့ ဆပ်ကော်မတီတွေ ထပ်မံဖွဲ့စည်းရေးတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကနေ စစ်အာဏာသိမ်းအဖွဲ့က ဖွဲ့စည်းတဲ့ ဘယ်အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုတဲ့အပြင် ဖွဲ့ထားတဲ့ အဖွဲ့အားလုံး တရားမဝင်ကြောင်း ပါဝင်တဲ့ ကြေညာချက် ၈ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ဓာတ်ပုံ - အောင်ကိုလတ်

4 months Ago

June 29, 2020

၂၀၂၀ ရွေးကောက်ပွဲအတွက်  မဲဆန္ဒနယ်မြေများ သတ်မှတ်ကြေညာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့စွဲနဲ့  သက်ဆိုင်ရာ လွှတ်တော်အလိုက် သတ်မှတ်ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ တစ်မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်နှုန်းနဲ့ မဲဆန္ဒနယ်ပေါင်း ၃၃၀  သတ်မှတ်ပေးထားပါတယ်။ ရန်ကုန်တိုင်းမှာ ဖျက်သိမ်းလိုက်တဲ့ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်တော့ မပါဝင်တော့ဘဲ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မဲ ဆန္ဒနယ်နဲ့  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် မဲဆန္ဒနယ် ၁၂ နေရာနှုန်းနဲ့ မဲဆန္ဒနယ်ပေါင်း ၁၆၈ နေရာ သတ်မှတ်ပေးထားပါတယ်။ အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွေအတွက် နိုင်ငံတဝန်း မဲဆန္ဒနယ်ပေါင်း ၆၄၄ နေရာ သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေအတွက်လည်း  မဲဆန္ဒနယ်ပေါင်း ၂၉ နယ် သတ်မှတ်ပေးထားပါတယ်။ နိုင်ငံတဝန်း တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် သတ်မှတ်ပေးထားတာဖြစ်ပြီး ရှမ်းပြည်နယ်မှာ  ၇ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် အများဆုံးဖြစ်ပါတယ်။ PHOTO-UEC
12 months Ago
Up