ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ဗမ်ကို ဝင်ရောက်တိုက်ခတ်တော့မှာဖြစ်လို့ နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၁၁ ရက်မှာ ဘေးကင်းရာ ရွှေ့ပြောင်းပေးလိုက်ရပါတယ်။
ဒီနှစ်အတွင်း အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားတာ သီတင်းပတ်ပဲ ကြာသေးချိန်မှာ နောက်ထပ် တိုင်ဖွန်းမုန်တိုင်း ထပ်ဝင်တာ ဖြစ်ပါတယ်။
လေတိုက်နှုန်း ၁ နာရီ ၇၈ မိုင်နဲ့ တိုက်ခတ်နေတဲ့ ဗမ်ကိုမုန်တိုင်းဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်တဲ့ ၂၁ လုံးမြောက် မုန်တိုင်းလည်း ဖြစ်ပါတယ်။
ကာတန်ဒွါနက်စ်ခရိုင် အုပ်ချုပ်ရေးမှူးက “ပြန်နာလန်ထူတာ ၁ ရာခိုင်နှုန်းပဲ ရှိသေးချိန်မှာ နောက်ထပ် မုန်တိုင်းတလုံး ထပ်လာပြန်ပြီ။ အခုတောင် လေပြင်းနဲ့ မိုးကြီးတာကို စပြီးခံစားနေရပြီ” လို့ DZMM ရေဒီယို သတင်းဌာနကို ပြောပါတယ်။
ကျွန်းပေါင်း ၇,၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်မှာ နှစ်စဉ် ပျမ်းမျှမုန်တိုင်း အလုံး ၂၀ လောက် ဝင်လေ့ရှိပါတယ်။
ဗမ်ကိုမုန်တိုင်းဟာ နိုဝင်ဘာ ၁၁ ရက် ညနေမှာ ပိုလီလီယိုကျွန်းကနေ ကုန်းတွင်းကို ဝင်ရောက်မှာဖြစ်ပြီး လူဇုံကျွန်းမကြီးကိုတော့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဝင်ရောက်မယ်လို့ အစိုးရ မိုးလေဝသ ခန့်မှန်းသူက ပြောပါတယ်။
မုန်တိုင်း ဒီရေက ၉ ပေထိ မြင့်တက်လာနိုင်လို့ ကမ်းရိုးတန်းက ဒေသခံတွေ အိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာပြောင်းဖို့ အမိန့်ထုတ်ထားတယ်လို့ ပိုလီလီယို မြို့တော်ဝန်က ပြောပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ကိုဗစ်-၁၉ ကူးစက်မှု ဟန့်တားရေးက စိန်ခေါ်မှုတရပ် ဖြစ်နေဆဲပဲလို့ သူက ပြောပါတယ်။
ဖိလစ်ပိုင်မှာ တိုက်ခတ်ပြီးရင် ဗမ်ကိုမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံဆီ ဆက်သွားမှာပါ။ နိုဝင်ဘာ ၁၅ ရက်မှာ ဗီယက်နမ်အလယ်ပိုင်းဒေသကို မုန်တိုင်းဝင်မယ်လို့ ဗီယက်နမ် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
2 years Ago