တိုင်ဖွန်းမုန်တိုင်း

December 17, 2021

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးရေလျှံ

ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၁၆ ရက်က လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

တိုင်ဖွန်းမုန်တိုင်း “ရိုင်” ပြင်းအားအဆင့် ၅ မုန်တိုင်းအဖြစ်ကို လျင်လျင်မြန်မြန်နဲ့ ပိုမိုအားကောင်းလာတာကြောင့် လူတွေအစုလိုက်အပြုံလိုက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ 

ကတ်ဘာဘာရန်မြို့မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့  သစ်ပင်တွေ လှုပ်ယမ်း ယိမ်းခါပြီး မြို့ကိုတိုက်ခတ်နေတဲ့ လေပြင်းတွေ၊ ဖြတ်သန်းစီးဆင်းလာတဲ့ ရေစီးတွေကို မြင်နေရပါတယ်။ 

ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး တချို့နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရေကြီးမှု သတင်းတွေ ရရှိထားကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောကြားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့နေရာ အတော်များများမှာ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်မယ့် နေ့ရက် အချိန်ကိုလည်း ရွှေ့ဆိုင်းထားရပါတယ်။ 

1 month Ago

October 28, 2020

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် တိုင်းနှင့်ပြည်နယ်အချို့ မိုးထစ်ချုန်းရွာနိုင်

တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာနိုင်မှုကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်အရ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်‌ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာနိုင်တာကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၅ ရက်နေ့အတွင်း မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
1 year Ago

တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ယနေ့ နေ့လယ် ဗီယက်နမ် အလယ်ပိုင်းကမ်းခြေဒေသများကို ဝင်မည်

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ဟာ ဒီနေ့နေ့လယ်ပိုင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ လက်ရှိမှာ တိုင်ဖွန်းမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံ၊ ကွမ်းနိုင်းမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်ဘက် ဆက်လက်ရွေ့လျားက နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ အနှံ့အပြား၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေလောက် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့ အနီးတစ်ဝိုက်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
1 year Ago
More News
Up