တိုင်စာ

November 25, 2020

ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်ပြီး တိုင်စာပေါင်း ၄၀,၀၀၀ ခန့်ရရှိ  

အစိုးရက အခြေခံလူတန်းစာတွေအတွက်ပေးတဲ့ ကိုဗစ် ထောက်ပံ့ကြေးနဲ့ပတ်သက်လို့ တိုင်ကြားနိုင်တဲ့ဌာနတွေ ကြေညာအပြီး ၁ ပတ်အကြာမှာ တိုင်စာပေါင်း ၄၀,၀၀၀ လောက် ရထားပြီး အားလုံးနီးပါးက ရန်ကုန်တိုင်းထဲက ဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးက ဆိုပါတယ်။ ဝန်ကြီးဦးမင်းသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြရေးသားထားတာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်အထိ တိုင်ကြားစာပေါင်း ၃၇,၅၇၅ စောင်လက်ခံရရှိတာမှာ ၃၄,၉၇၈ စောင်ဟာ ရန်ကုန်တိုင်းထဲက ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်ကြားတာတွေနဲ့ပတ်သက်လို့ စတင်ဆောင်ရွက်နေပြီး နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်၊ တနင်္သာရီ၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့မှာတော့  ရာခိုင်နှုန်းပြည့် ထောက်ပံ့ပြီးစီး သွားပြီလို့ ဆိုပါတယ်။ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာတော့ ၅ ရာခိုင်နှုန်းဝန်းကျင်ပဲ ထောက်ပံ့ဖို့ ကျန်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။  ရန်ကုန်တိုင်းထဲက အိမ်ထောင်စု ၁၂ သိန်းကျော်၊ မန္တလေးတိုင်းထဲက အိမ်ထောင်စု ၁၀ သိန်းကျော်နဲ့ အများဆုံးထောက်ပံ့ထားတာဖြစ်ပါတယ်။ ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံပြည်သူအိမ်ထောင်စုတွေကို အစိုးရငွေကြေးထောက်ပံ့တာ ဒါနဲ့ဆို ၄ ကြိမ်မြောက်ဖြစ်ပြီး အကြိမ်တိုင်းအငြင်းပွားတာတွေ ရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ တိုင်ကြားနိုင်မယ့်ဌာနတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာပေးခဲ့တာပါ။ အခု စတုတ္ထအကြိမ်မှာတော့ Stay at Home ပြင်ပမှာ ရှိတဲ့ အိမ်ထောင်စုတစုကို ကျပ် ၂၀,၀၀၀ နှုန်း၊ Stay at Home အတွင်းမှာရှိတဲ့  အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်းနဲ့ ထောက်ပံ့နေတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၆,၁၀၆,၇၆၁ အတွက် ထောက်ပံ့မှုတန်ဖိုးစုစုပေါင်း ကျပ် သန်းပေါင်း ၁၆၃,၀၀၀ ကို ထောက်ပံ့နေတာပါ။ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက စတုတ္ထအကြိမ်ငွေကြေးထောက်ပံ့ရာမှာ မရရှိတဲ့သူတွေက ရပ်ကွက်ရုံးတွေမှာ လူစုလူဝေးနဲ့ စုရုံးတောင်းဆိုတာ၊ ဆန္ဒပြတာတွေလည်းရှိခဲ့ပါတယ်။ ဓာတ်ပုံ- မုန်းမုန်းမင်း
5 months Ago

January 12, 2020

မွန်ပြည်နယ် လွှတ်တော်ကို ရောက်လာသည့် တိုင်စာ ၇၀ ရာခိုင်နှုန်းကျော် မြေယာပြဿနာဖြစ်နေ

မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာတဲ့ တိုင်စာ ၇၀ ရာခိုင်နှုန်းကျော်ဟာ မြေယာပြဿနာတွေသာ ဖြစ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာနဲ့ အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။  လွှတ်တော်ရဲ့ တိုင်ကြားစာ ကော်မတီကို ၄ နှစ် နီးပါး ကာလအတွင်းမှာ တိုင်ကြားစာပေါင်း ၂၀၀၀ ကျော် ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မြေယာပြဿနာနဲ့ ပတ်သက်တဲ့ တိုင်ကြားစာမှာ ၁၅၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။ ဒီတိုင်စာတွေ ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ခေါ်ယူမေးမြန်းခဲ့တာတွေ လုပ်ဆောင်နေပြီး တချို့ဌာနတွေက မလာတာတွေ ရှိနေပေမယ့် အခုနောက်ပိုင်းမှာတော့  ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။  လွှတ်တော်အနေနဲ့ ရောက်ရှိလာတဲ့ တိုင်စာတွေကို လိုအပ်ရင် ကွင်းဆင်းစစ်ဆေးတွေ လုပ်ဆောင်ပြီး အကြံပြုချက် အစီရင်ခံစာတွေကို လွှတ်တော်ဥက္ကဋ္ဌမှတဆင့် အစိုးရအဖွဲ့ကို ပေးပို့နေတာပါ။  မွန်ပြည်နယ် လွှတ်တော်ကို တိုင်ကြားလာတဲ့ တိုင်စာတွေထဲမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ ဥပဒေမလိုက်နာမှုတွေကို တိုင်ကြားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
1 year Ago
Up