တိုင်ကြားရမည့်ကူးစက်ရောဂါ

February 28, 2020

ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်မြန်ရောဂါ (သို့) တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးဌာနကြေညာ 

တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့စွဲနဲ့ အမိန့်စာထုတ်ပြန် ကြေညာလိုက်ပါတယ်။ (COVID-19) ရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဤအမိန့် မရုပ်သိမ်းသမျှကာလပတ်လုံး အတည်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးလက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။  မနေ့က နေပြည်တောင်မှာ ကျင်းပတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံမှာ  လက်ရှိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာမရှိသေးပေမယ့် အချိန်မရွေးပေါ်ပေါက်လာနိုင်တာကို အထူးသတိပြုရမည်ဖြစ်မယ်လို့ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံဟာ COVID-19 ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေနဲ့ တိုက်ရိုက်လေကြောင်းလိုင်းဆက်သွယ်မှုရှိတဲ့အတွက် အထူးဂရုပြုစောင့်ကြပ်ကြည့်ရှုဖို့၊ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေကနေ တိုက်ရိုက်ဝင်ရောက်လာတဲ့ လေကြောင်းလိုင်းတွေကို အထူး အလေးထား ရောဂါစောင့်ကြပ်ကြည့်ရှုဖို့နဲ့ ခရီးသည်တွေ တည်းခိုနေထိုင်ရာနေရာ၊ သွားလာမယ့်ခရီးစဉ်တွေကို စုံစမ်းပြီး ရောဂါဖြစ်ပွားမှု သံသယရှိပါက ချက်ချင်းသတင်းပေးပို့ဖို့ ညွှန်ကြားသွားပါတယ်။ မြန်မာနိုင်ငံမှာလည်းရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် လူစုလူဝေးများပြားရာနေရာတွေနဲ့ ပွဲလမ်းသဘင်များရှိရာနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူထုကို အသိပေးနှိုးဆော် ထားပါတယ်။
1 year Ago
Up