တိုင်ကြားရန်

A d v e r t i s e m e n t With Us

May 18, 2020

ဧရာဝတီတိုင်းအတွင်း မီတာခ ကွာဟမှုရှိပါက တိုင်ကြားရန် လျှပ်စစ်ဝန်ကြီး ဖိတ်ခေါ်

ဧရာဝတီတိုင်းအတွင်း မီတာခတွေကွာဟမှုရှိနေရင် လာရောက်တိုင်ကြားဖို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ ဧရာဝတီတိုင်းအတွင်း လျှပ်စစ်အသုံးပြုတာနဲ့ပတ်သက်ပြီး မီတာခတွေကောက်ခံချိန်မှာ အသုံးပြုတာထက်ပိုကုန်ကျနေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြားဝေဖန်မှုတွေရှိလာလို့ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးက တာဝန်ရှိသူကို စိစစ်ပေးဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။ “အဓိကမီတာခ များတယ်လို့ပြောနေတယ်။ မီတာခကို စနစ်တကျ ကောက်ခံနေတယ်၊ ကောက်တဲ့ အခါမှာလည်း သုံးစွဲမှုပေါ်မှုတည်ပါတယ်။ ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတော့ မိတာခများတယ်လို့ ထင်ရင် ကျနော့်ကိုပြောပါ။ ကျနော်က တိုင်းလျှပ်စစ်ကိုပြောပြီး အဲ့အိမ်ရဲ့ မီတာသုံးစွဲမှုကို ပြန်လည်စိစစ်တာတွေ ပြုလုပ်ပေးသွားမယ်။” Covid-19 ရောဂါဖြစ်ပွားနေစဉ်အချိန်ကာလအတွင်း နိုင်ငံတော်က လျှပ်စစ်ဓာတ်အားသုံးစွဲတာကို ၁၅၀ ယူနစ်အထိ အခမဲ့ဖြစ်တယ်လို့ ဧပြီလ ၇ ရက်နေ့က ကြေညာခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့က ပြည်သူတွေက လျှပ်စစ်မီတာက အရင်ကထက်ပိုကုန်ကျနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဆိုင်တွေပိတ်ထားပြီး သိသိသာသာလုပ်ငန်းတွေ ရပ်ထားလို့ မီတာခလျော့ကျအောင် သုံးစွဲတာကို လျော့ချထားတဲ့လမှ မီတာ ခအရင်လထက်ပိုကျခဲ့လို ရုံးကလူကို ခေါ်စစ်ဆေးချိန်မှာ စက်ဆိုတာ မမှန်နိုင်တဲ့အတွက် ရုံးမှာလာရှင်းပေးဖို့ ပြောဆိုခဲ့တာတွေလည်း ရှိတယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။ “ဒီရုံးကလူကို ခေါ်မှ မဟုတ်ဘူး၊ တိုင်းပေါ်ကို ကြည့်လိုက်တာနဲ့ ကိုယ်သုံးတဲ့ ပမာဏကို သိနိုင်အောင် အိမ်မှာ ကိုယ်ဘာသာကြည့်ပြီး မီတာသုံးစွဲတဲ့ယူနစ် ပမဏကို ပွင့်လင်းမြင်သာသိနိုင်အောင် လုပ်ပေးစေချင်ပါတယ်။ ကျန်တာကတော့ ကိုယ်သုံးရင် ကိုယ်ပေးရမယ်ဆိုတာကို သိပါတယ်။” ပုသိမ်မြို့နယ်လျှပ်စစ်ဌာန ဝန်ထမ်းတွေကတော့ မိတာခကို စနစ်တကျကောက်ယူခဲ့တာဖြစ်ပြီး နိုင်ငံတော်က ကင်းလွတ်ခွင့်ပြုထားတဲ့ ယူနစ် ၁၅၀ မှာ အသုံးပြုတဲ့ ယူနစ်ထဲက နုတ်ယူတာမဟုတ်ဘဲ ငွေသားအနေနဲ့ တွက်ပြီး နုတ်ယူတာမလို့ ခုလိုအထင်လွဲမှားတာတွေ ဖြစ်လာတာလို့ ဆိုပါတယ်။ ‌လက်ရှိအချိန်မှာ မီတာပုံးတွေကို ဓာတ်တိုင်ပေါ်ထားပြီး ဒီဂျစ်တယ်စနစ်နဲ့ မီတာဖတ်တာတွေကြောင့် လွဲမှားတာတွေရှိနိုင်လို့ ခုလို သုံးတာထက်ပိုကုန်ကျနေရတာဖြစ်ပြီး အရင်လို နေအိမ်တွေမှာပြန်ထားပြီး မီတာဖတ်တာတွေ ဖြစ်စေချင်တယ်လို့ ဒေသခံအများစုက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
10 months Ago

April 18, 2020

ညွှန်ကြားချက် မလိုက်နာသည့် ဝန်ထမ်းများရှိ၊ တိုင်ကြားကြရန် သမ္မတရုံး တိုက်တွန်း 

နိုင်ငံ့ဝန်ထမ်းတွေကို နာရေးမှအပ ခရီးသွားလာခြင်းမပြုကြဖို့ အမိန့်စာထုတ်ထားပေမယ့် သတင်းမပို့ပဲ ခရီးသွားတဲ့ ဝန်ထမ်းတွေရှိနေပြီး အချိန်မီကာကွယ်တားဆီးနိုင်ရေးအတွက် သမ္မတရုံးကို တိုင်ကြားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဝန်ထမ်းတွေအားလုံးကို သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလကနေ နောက်ထပ် အမိန့်မထုတ်ပြန်မချင်း တဝက်တက်-တဝက်နား အလှည့်ကျစနစ်နဲ့ အလုပ်မပျက် ဆောင်ရွက်ဖို့၊ နာရေးမှအပ ခရီးသွားလာခြင်း မပြုကြဖို့ နိုင်ငံတော်သမ္မတရုံးကနေ ဧပြီလ ၄ ရက်နေ့မှာ အမိန့်စာထုတ်ပြန်ပြီး ဝန်ကြီးဌာနအားလုံးကိုညွှန်ကြားထားတာပါ။  ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့ တာဝန်ရှိသူတွေထံ သတင်းမပို့ဘဲ သွားရောက်ခဲ့ခြင်း ရှိ၊ မရှိ အမှန်အတိုင်း တင်ပြဖို့၊ ခရီးသွားခဲ့တဲ့ဝန်ထမ်းတွေကို Facility Quarantine ထားဖို့၊ အမှန်အတိုင်း တင်ပြခြင်းမရှိပါက ဝန်ထမ်းစည်းမျဉ်းနဲ့ အရေးယူဖို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၁၆ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။  ဒါပေမဲ့လည်း ဝန်ထမ်းတချို့ သတင်းမပို့ဘဲ ခရီးသွားလာမှုတွေရှိနေပြီး တိုင်ကြားလာမှုတွေလည်း ရှိနေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ “တချို့ဝန်ထမ်းတွေ သတင်းမပို့ဘဲ သွားကြလာကြတဲ့ ဖြစ်စဉ်တွေကို သီးခြားလမ်းကြောင်းတွေကနေ တိုင်ကြားလာပါတယ်။ အဆောင်အတူနေ၊ အိမ်ရာအတူနေကြသူတွေ အချင်းချင်း ဘယ်သူ၊ ဘယ်တုန်းက ဘယ်ကို ထွက်သွားတယ်၊ ပြန်လာကြတယ် ဆိုတာကို သိကြတယ်လို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနတွေမှာ အမှန်အတိုင်း တင်ပြခြင်းမရှိခဲ့ရင် COVID-19 ကူးစက်နိုင်ခြေရှိတဲ့ အလားအလာတွေကို အချိန်မီ ကာကွယ်တားဆီးစစ်ဆေးနိုင်ဖို့အတွက် တိုင်ကြားနိုင်တဲ့ အီးမေးလ်ကို ကြေညာရခြင်းဖြစ်ပါတယ်။” ညွှန်ကြားချက်တွေကို မလိုက်နာဘဲ နေပြည်တော်ပြင်ပဒေသတွေကို ခရီးသွားလာခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရှိပါက တိုင်ကြားနိုင်တဲ့ အီးမေးလ်လိပ်စာကတော့ [email protected] ဖြစ်ပြီး ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံး ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။  လတ်တလောမှာတော့ နေပြည်တော်မှာရှိနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက နေပြည်တော်ပြင်ပ ခရီးသွားလာပြီး ပြန်လာသူတွေကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၁ မှာ ၂၁ ရက် Quarantine ထားရှိထားရာမှာ ဒီနေ့အထိကို နိုင်ငံ့ဝန်ထမ်း ၁၀ ဦးရှိတယ်လို့ နေပြည်တော် COVID-19 Volunteer Team(NCVT) အဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
11 months Ago
Up