တိုင်ကြားခံရ

November 19, 2020

မအူပင်​မြို့နယ်၌ ကိုဗစ်​ထောက်ပံ့ငွေကို ရန်​ပုံ​ငွေအဖြစ် ချန်​ထားသည့် ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့ တိုင်ကြားခံရ

ဧရာဝတီတိုင်း၊ မအူပင်​မြို့နယ်၊ ခ​နောင်​​ထော်​​ကျေးရွာအုပ်​စုမှာ ကိုဗစ်ကာလ ထောက်ပံ့ငွေကို ရန်ပုံငွေအဖြစ်ချန်ထားခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ရွာသားတွေက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးထံ တိုင်ကြားလိုက်ပါတယ်။ နိုင်ငံတော်​က အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့တဲ့ငွေတွေထဲက ငွေကျပ် ၁၁ သိန်း ကျော်ကို ကျေးရွာရန်ပုံငွေအတွက် ချန်ထားခဲ့တဲ့အပေါ် ဒေသခံ ၄၄ ယောက်က စုပေါင်းလက်မှတ်ထိုးပြီး ခုလို တိုင်ကြားခဲ့တာပါ။ "လက်မှတ်ထိုးပြီး တိုင်တာကတော့ ၄၄ ​ယောက်ပေါ့။ ​ခေါင်းဆောင်လုပ်တာကတော့ ခနောင်ထော်ရွာနေ ဦးသန်းဝင်း၊ ဦးဝင်းခိုင်နဲ့ ကျနော် ကိုမြင့်နိုင်တို့ ဖြစ်ပါတယ်"လို့ ဦး​ဆောင်​တိုင်​ကြားခဲ့တဲ့ ခ​နောင်​​ထော်​​ကျေးရွာ​နေ ဦးမြင့်နိုင်က ပြောပါတယ်။ နိုင်ငံတော်က ချထားပေးတဲ့ တစ်အိမ်ထောင် ၄၀,၀၀၀ ကျပ်အား တစ်အိမ်ထောင် ၁၈၀၀၀ နှုန်းခွဲဝေပေးခဲ့ပြီး ငွေကျပ် ၁၁ သိန်း ၂ သောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြီးကြပ် ရေးမှူး ၅ ဦးက ရန်ပုံငွေအသုံးပြုဖို့ ချန်ထားခဲ့တာလို့ ဆိုပါတယ်။ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေက တင်ပြတောင်းခံထားတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေတွေကို တင်ပြတဲ့အတိုင်း ချထားပေးပြီးဖြစ်တယ်လို့ မအူပင်မြို့နယ်အုပ်ချုပ်ရေးရုံးက သိရပါတယ်။ ထောက်ပံ့ငွေတွေကို ရန်ပုံငွေအဖြစ်ချန်ထားလို့ တိုင်းကြားခံရတဲ့ ခနော်ထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းလွင်က "ကျနော်အနေနဲ့တော့ စာရင်းရှင်းတမ်းနဲ့အတူ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြရှင်းလင်းထားပြီ" လို့ ပြောပါတယ်။ ခနောင်ထော်ကျေးရွာအုပ်စုအတွင်းက အိမ်ထောင်စု ၄၆၇ စုအတွက် ငွေကျပ် ၁၈၆ သိန်း ၈ ​သောင်းရရှိပြီး ​ကျေးရွာထဲက အိမ်ထောင်စု ၉၇၆ စုကို တစ်အိမ်ထောင် ၁၈,၀၀၀ ကျပ်​နှုန်းနဲ့ အချိုးကျ ခွဲဝေပေးထားတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။ မအူပင်မြို့မှာ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း နိုင်ငံတော်ကထောက်ပံ့ငွေ ၄၀,၀၀၀ အပြည့်ရရှိဖို့ ဆန္ဒဖော်ထုတ်တာတွေလည်း ရှိခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)
1 year Ago

August 6, 2020

လိပ်သိုမြို့တွင် ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုင်ကြားခံရ

ကရင်ပြည်နယ်၊ လိပ်သိုမြို့၊ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အ‌ခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကပေးအပ်တဲ့  ကိုဗစ်ထောက်ပံ့ငွေတွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြည့်ပြည့်ဝဝပြန်လည် မပေးအပ်တဲ့အတွက် မြို့အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားထားပါတယ်။ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ နိုင်ငံတော်က ပေးအပ်တဲ့ထောက်ပံ့ငွေထဲက တစ်အိမ်ထောင်ကို ငွေကျပ် ၁၀၀၀ အပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ပေးအပ်ငွေထဲက ရွာသားတစ်ဦးကို ကျပ် ၅၀၀၀ နှုန်းကောက်ခံခဲ့လို့ တိုင်ကြားထားတာလို့ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က  ပြောပါတယ်။ “အုပ်ချုပ်ရေးနဲ့ပတ်သက်လာလို့ သူတို့ကိုတိုင်ကြားစာပို့တယ်။ သူရဲ့ အောက်ခြေဝန်ထမ်းတွေ ကို ဆက်လက်အရေးယူမလား။ မယူဘူးလားဆိုတာ မေးထားတာရှိတယ်။ တကယ်လို အရေးမယူဘူးဆိုရင် တဆင့်တဆင့်တက်သွားမှာ" တိုင်ကြားစာနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမှုတွေ ဆောင်ရွက်နေသလို့ စစ်ဆေးပေါ်ပေါက်ခဲ့ ရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကို မြို့နယ်က ဆောင်ရွက်သွားမယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ လိပ်သိုမြို့၊ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က “အခုလက်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ဆောင်ရွက်ဖို့ရှိတယ်။ လောလောဆယ် သူ့ကို ကနဦးစစ်ဆေးချက်တွေ ယူထားတယ်။ တိုင်ကြားသူတွေကိုလည်း စစ်ဖို့ရှိတယ်။ အရေးယူတာကတော့ ကျနော်တို့က မြို့အဆင့်ဖြစ်တော့ သံတောင်ကြီးမြို့နယ်ကို ဆက်သွယ်မေးမြန်းမှရမယ်”လို့ ပြောပါတယ်။ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုအတွင်းမှာ ကျေးရွာပေါင်း ၁၈ ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ခြေပေါင်း ၄၀၀ အတွက် ကျပ်သိန်းပေါင်း ၈၀ ထဲက တစ်အိမ်ထောင်ကို ကျပ် ၁၀၀၀ နှုန်းနဲ့ ဖြတ်တောက်ကောက်ခံတယ်လို့ ပဆိုါတယ်။ အလားတူ နိုင်ငံတော်ကကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ထောက်ပံ့ပေးအပ်ငွေ ၃၀၀၀၀ ကျပ်ကနေ တစ်ဦးကို ၅၀၀၀ နှုန်း  ကောက်ခံခဲ့သလို လူကယ်ပြန်ဌာနက ထောက်ပံ့ကြေးရရှိသူ စာရင်းတောင်းခံရမှာလည်း ဒီကနေ့အထိ ပေးအပ်တာမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ၂၀၁၉ မေလ ၂၃ ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ နိုင်ငံတော်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားမှာ ထောက်ပံ့ပေးအပ်ငွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြည့်ပြည့်ဝဝ ပြန်လည်မပေးအပ်ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago
Up