တိုင်ကြားမှု ၂၀၀ ကျော်ရှိ

April 23, 2017

သင်္ကြန်တွင်း ယာဉ်စီးခ ပိုမိုကောက်ခံသည့် YBS များအား တိုင်ကြားမှု ၂၀၀ ကျော်ရှိ

သင်္ကြန်ကာလမှာ YBS ယာဉ်လိုင်းတွေ ယာဉ်စီးခပိုမို တောင်းခံမှုကြောင့် တိုင်ကြားမှုပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ကပြောပါတယ်။ သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်လိုင်းတွေ ယာဉ်စီးခတွေကို ပုံမှန်တိုင်းသာ ကောက်ယူဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားဝင်ညွှန်ကြားထားပေမယ့် ယာဉ်လိုင်းတချို့ဟာ ပုံမှန်ထက် ပိုမိုကောက်ခံတာလို့ ခရီးသည်တွေက တိုင်းကြားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “မြို့တွင်းက တိုင်ကြားမှုက အရမ်းများပါတယ်။ အဝေးပြေးယာဉ်လိုင်းက တိုင်ကြားမှုကတော့ အနည်းအကျဉ်းလောက်ပါပဲ။ မြို့တွင်းတိုင်ကြားမှု အရေအတွက်အားဖြင့်က အမှု ၂၀၀ ကျော်တယ်။ တိုင်ကြားမှုအများဆုံးခံရတဲ့ ယာဉ်လိုင်းတွေကတော့ နံပါတ် ၆ ယာဉ်လိုင်း၊ ၄၂ ယာဉ်လိုင်းနဲ့ ၂၄ ယာဉ်လိုင်းတွေက အများဆုံးပါ။” ဦးသန်းဝင်းက ပြောပါတယ်။ တိုင်ကြားမှု အများဆုံးခံရတဲ့ ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်တို့ နံပါတ် ၆ ယာဉ်လိုင်းမှာ ကုမ္ပဏီက ၂ ခုရှိပါတယ်။ ကျနော့်ကုမ္ပဏီ ယာဉ်လိုင်းဘက်က CITY BUS ကားအကြီးတွေနဲ့ ပြေးဆွဲတာပါ။ ဒီကားတွေမှာ စီစီတီဗွီနဲ့ ပိုက်ဆံပုံး တပ်ဆင်တာကြောင့် အဂတိလိုက်စားမှုက မရှိသလောက် နည်းပါတယ်။ တိုင်ကြားမှုများတာက ကားအသေးက များတာပါ။” လို့ အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူ တဦးက ဆိုပါတယ်။ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောပါတယ်။ သတင်း၊ဓာတ်ပုံ- ပြည့်ဘုန်းအောင်
4 years Ago
Up