တိုင်းရင်းသားတွေအပေါ် စေတနာမှန်ရင် ဖွဲ့စည်းပုံပြင်ရပါမယ်

A d v e r t i s e m e n t With Us

March 26, 2016

တိုင်းရင်းသားတွေအပေါ် စေတနာမှန်ရင် ဖွဲ့စည်းပုံပြင်ရပါမယ်

သမ္မတဦးထင်ကျော် အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုအစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတခုကို တိုးချဲ့ဖို့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်တာကြောင့် ၀န်ကြီးဌာနအသစ်တခုကို မကြာမီကာလအတွင်း တွေ့မြင်ကြရနိုင်ဖွယ်ရှိပါတယ်။ ဒီပြည်ထောင်စုအဆင့် ၀န်ကြီးဌာနကို ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ ဥပဒေအရ  အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တဲ့  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေမှာ  ပြည်ထောင်စုအစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးတွေ ဖွဲ့စည်းဆောင်ရွက်ဖို့ပါရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးကို သမ္မတက အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးကို သမ္မတအဆိုပြုပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ရွေးကောက်တင်မြှောက်ခံ သမ္မတဦးထင်ကျော်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းဖို့နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နိုင်သက်လွင် (ကာယကံရှင်ပြောကြားချက်) ကို အဆိုပြုရာမှာ ကန့်ကွက်သူမရှိ သဘောတူခဲ့ပြီးဖြစ်တာကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို အခြားပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများကဲ့သို့ ဖွဲ့စည်းကြရတော့မှာဖြစ်ပါတယ်။  (စကားချပ်။  ။ ဥပဒေတွင် ‘တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန’ ဟု အမည်ပါရှိသော်လည်း ‘လွှတ်တော်က အတည်ပြုချက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန’ ဟု ‘လူမျိုးများ’ ဆိုသည့်စကားရပ် မပါရှိသည်ကို တွေ့ရသည်) ဥပဒေရဲ့အထွေထွေအခန်းမှာ ပြဋ္ဌာန်းချက်အရ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နဲ့ သက်ဆိုင်တဲ့ အရေးကြီးသော တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခြေအနေကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ  အခါအားလျော်စွာ တင်ပြရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့် အများပြည်သူအဖို့ တိုင်းရင်းသားရေးရာကိစ္စတွေကို အရင်ကာလတွေကထက် ပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝသယံဇာတလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် စီမံကိန်းအကြောင်းအရာတွေကို သက်ဆိုင်ရာဌာနေ တိုင်းရင်းသားလူမျိုးတွေကို ပြည့်စုံတိကျစွာကြိုတင်ချပြ အသိပေး၍ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ဆိုတဲ့ အပိုဒ်ကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ ဒီဥပဒေပါအချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ တိုင်းရင်းသားဒေသက သယံဇာတကို ဒေသခံတွေ မခံစားရဘူးဆိုတဲ့ မကျေနပ်ချက်တွေကို တစုံတရာ ပြေလျော့နိုင်ဖွယ်ရှိပါတယ်။ ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးစိုင်းလိတ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ (က) အရ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေးအကုန်လုံးကို တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းပြီးသားဖြစ်လို့ တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးဆိုင်ရာဥပဒေကို အထူးထပ်ပြီးပြဋ္ဌာန်းစရာမလိုဘူးလို့ ယုံကြည်ကြောင်းပြောပါတယ်။ သူက “ဒီဥပဒေဟာ အဲဒီဥပဒေအရ ဖွဲ့စည်းတဲ့ဌာနဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံစံ၊ ရှေးဟောင်းအမွေအနှစ် စတာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ နောက်တဆင့် အဲဒီဌာနရဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးဟာ တိုင်းရင်းသားဒေသတွေမှာ သယံဇာတတူးဖော်ရေး၊ စီမံကိန်းကြီးများလုပ်ဆောင်မယ်၊ စီးပွားရေးကြီးတွေ လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာဒေသခံတိုင်းရင်းသားတွေ သိရှိနာလည်အောင် ကြေညက်အောင် ရှင်းလင်းတင်ပြပေးဖို့၊ ညှိနှိုင်းပေးဖို့ဆိုတဲ့ တာဝန်ဝတ္တရားတွေ ပေးထားတာပဲ တွေ့ရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့ ပြည်တွင်းစစ်ကို ဘယ်လိုနည်းနဲ့ ငြှိမ်းသတ်မလဲ၊  ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ၊ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ နောက် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို တိုင်းရင်းသားတွေက ဘယ်လိုနည်းနဲ့ ပါဝင်ဆောင်ရွက်ခွင့်ပြုမလဲ ဆိုတာတွေကို အဲဒီဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး”လို့ ပြောပါတယ်။   ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာကလည်း တိုင်းရင်းသားရေးရာဝန်ကြီးဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ သိပ်လေးနက်မှုကို မတွေ့ရသေးကြောင်းနဲ့ ဒီထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။ “သိပ်ပြီးလေးနက်မယ့်ပုံစံမပေါ်ဘူးဗျ။ တကယ်က ကျနော်တို့ဖြစ်စေချင်တာက တိုင်းရင်းသားရေးရာဝန်ကြီးခန့်ပြီဆိုလို့ရှိရင် မူ ပေါ်လစီရေးဆွဲပြီးတော့မှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့မှ အားလုံး လေ့လာသုံးသပ်ပြီးတော့မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်း တက်ရောက်ပြီးတော့မှ တိုင်းရင်းသားရေးရာကို ပြည့်ပြည့်စုံစုံတင်ပြနိုင်ဖို့ပေါ့။ နောက်ပြီးတော့ ပြည်နယ်အလိုက် တိုင်းရင်းသားဒေသအလိုက်မှာ လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာလိုအပ်ချက်၊ ပြောမယ်ဆိုလို့ရှိရင် စာပေယဉ်ကျေးမှုတင်မကဘူးလေ၊ ကိုးကွယ်တဲ့ဘာသာ၊ သယံဇာတ၊ လူ့အခွင့်အရေးချိုးဖောက်ခံမှုကအစ တိုင်းရင်းသားတွေ ဒီကနေ့ခံစားနေရတာကို သေချာလေ့လာပြီးတော့မှ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးအစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့မှ နောက်ပိုင်းကျလို့ရှိရင် ပြည်ထောင်စုသမ္မတဆီတင်ပြ၊ ကက်ဘိနက်ကိုတင်ပြပြီးတော့မှ လိုအပ်နေတာတွေကို ပြင်ဆင်ဖြည့်စွက် သွားနိုင်မယ့်အနေအထားမျိုးဆိုလို့ရှိရင်တော့ ဒါ ကောင်းပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဘောင်ကျဉ်းကျဉ်းလေးနဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ ဒါကတော့ ရုပ်ပြလောက်ပဲ ဖြစ်နိုင်တာပေါ့။”လို့ ပြောပါတယ်။ “ကျနော်ဖြစ်စေချင်တဲ့အတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရရှိရာ၊ ရရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထဲထဲဝင်ဝင် ၀င်ရောက်ပါဝင်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီဝန်ကြီးအနေနဲ့” လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းပြည် အဘက်ဘက်က ချွတ်ခြုံကျခဲ့ရပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရပြီး တိုင်းရင်းသားပေါင်းစုံ လူငါးသန်းလောက် နိုင်ငံခြားထွက် အလုပ်ကြမ်းလုပ်နေကြရတာ ဆယ်စုနှစ်ချီပြီဖြစ်ပါတယ်။ တပြည်လုံးအပစ်ရပ်စာချုပ်ကို ၈ ဖွဲ့လက်မှတ်ထိုးထားပြီးက ၁၀ ဖွဲ့ကျော်ကျန်တာကြောင့် အစိုးရသစ်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ကိုင်တွယ်ရဖို့ စောင့်မျှော်နေချိန်ဖြစ်ပါတယ်။ ဥပဒေထဲမှာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့် ၁၂ ရပ်ပြဋ္ဌာန်းထားပြီး မူဝါဒ၊ လုပ်ငန်းစဉ်တွေချမှတ်မှု၊ တိုင်းရင်းသားအခွင့်အရေးခံစားနိုင်ဖို့ ကာကွယ်စောင့်ရှောက်မှု (ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီဥပဒေပါအတိုင်း)၊ တိုင်းရင်းသားစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးထမ်းတွေကို ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေ လူနေမှုဘ၀မြင့်မားအောင် ဆောင်ရွက်ဖို့၊ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးတွေအကြား ဖြစ်တဲ့ အငြင်းပွားမှုနဲ့စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်းစတာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ပေါင်းစပ်ညှိနှိုင်းခြင်းတာဝန်ကို လက်တွေ့မှာ ဘယ်လောက်ထိ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မလဲဆိုတာကတော့ မေးစရာဖြစ်ပါတယ်။ ၀န်ထမ်းအဆင့်ဆင့်ခန့်အပ်ရေးနဲ့ပတ်သက်လို့ ဥပဒေရဲ့ အပိုဒ် ၁၀ မှာ ‘၀န်ကြီးဌာနဟာ လိုအပ်တဲ့ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ထမ်းအဖွဲ့အစည်းအသီးသီးကို ပြည်ထောင်စုအစိုးရသဘောတူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည်’ လို့ပါရှိတာကြောင့် ၀န်ထမ်းအဖွဲ့အစည်းတွေကို တခြားပြည်ထောင်စုဝန်ကြီးဌာနတွေနည်းတူ ဖွဲ့စည်းခွင့်ရမှာဖြစ်ပါတယ်။ အလားတူ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးဌာနတွေအတွက် ၀န်ထမ်းအဖွဲ့အစည်းအသီးသီးကိုလည်း သက်ဆိုင်ရာ အစိုးရတွေရဲ့ သဘောတူညီချက်နဲ့ ရွေးချယ်တာဝန်ပေးအပ်ကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအဆင့် ၀န်ထမ်းတွေကို ဘယ်လိုစိစစ်ရွေးချယ်ခန့်အပ်မယ်၊ ၀န်ကြီးအဆင့်၊ အမြဲတမ်းအတွင်းဝန်အဆင့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူး၊ ဦးစီးမှူး၊ ရုံးအဖွဲ့စတာတွေနဲ့ပတ်သက်လို့ ဘယ်သူတွေကို ရွေးချယ်တာဝန်ပေးအပ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ တိုင်းရင်းသားလူမျိုးရေးရာကိစ္စတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေက ဆောင်ရွက်ရမှာဖြစ်သလို၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမရှိတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေမှာတော့ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်တဲ့ဝန်ကြီးက ဆောင်ရွက်မှာဖြစ်ပါတယ်။ ၀န်ကြီးဌာနဟာ တိုင်းရင်းသားရေးရာကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လိုအပ်ပါက ကော်မတီနဲ့လုပ်ငန်းအဖွဲ့တွေကို သက်ဆိုင်ရာ တခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းပါက လုပ်ငန်းတာဝန်တွေ တပါတည်းသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေါ်ပေါက်လာဖို့အတွက် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက  ကြိုးပမ်းမှုတွေရှိခဲ့ပြီး လက်ရှိမှာ လုပ်ငန်းစဉ် ဘယ်အဆင့်ရောက်တယ်ဆိုတာတော့ မသိရပါဘူး။ ၂၀၁၅ ဇူလိုင်လအတွင်း သမ္မတရုံးဒုဝန်ကြီး ဦးကျော်ကျော်ဝင်းရဲ့ ပြောကြားချက်အရတော့ ဖွဲ့စည်းပုံအတွက်-သမ္မတရုံး၊ နယ်စပ်ရေးရာ၊ ယဉ်ကျေးမှု၊ ပြည်ထဲရေး၊ သာသနာရေး၊ ပြန်ကြားရေး၊ ပညာရေး၊ ကျန်းမာရေး။ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်နေတယ်လို့သိရပါတယ်။ သူက ဖွဲ့စည်းပုံ အကြမ်း ဘယ်တော့ ပြီးမယ်ဆိုတာ မပြောနိုင်သေးပေမယ့် ၀န်ကြီးဌာနအသစ်အနေနဲ့ ရှင်းလင်းတိကျတဲ့ ဖွဲ့စည်းပုံရှိမှသာ အနာဂတ်မှာ အမှားအယွင်းတွေ ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းနေတဲ့ လက်နက်ကိုင်၊ လက်နက်မကိုင် အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်အေက်မှာရှိတဲ့ နယ်စပ်ရေးရာ၊ ပြည်ထဲရေး၊ ကာကွယ်ရေးစတဲ့ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြရမယ့်ကိစ္စတွေ ပေါ်လာနိုင်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က တိုင်ရင်းသားရေးရာဝန်ကြီးဟာ ဖက်ဒရယ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဖို့ အကန့်အသတ်ရှိလိမ့်မယ်လို့ထင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရေးရာဝန်ကြီးထူထောင်တဲ့ concept ကို သဘောမကျကြောင်း သူက ပြောပါတယ်။ သူက “ဘာလို့သဘောမကျဘူးလဲဆိုတော့ ဒါက ဒီအစိုးရက ဗမာအစိုးရပေါ့၊ တိုင်းရင်းသားတွေအတွက် ငါတို့က လုပ်ပေးမယ်ဆိုတဲ့ အခြေခံအမြင်နဲ့ ဒီဝန်ကြီးဌာန ပေါ်လာပုံရတယ်။ နဂိုဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပေါ်တာ၊ အများစုဗမာတွေ ဦးစီးတဲ့အစိုးရကနေပြီးတော့ တိုင်းရင်းသားတွေ အခွင့်အရေးအတွက် ငါတို့တော့ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်ဆိုတဲ့အခြေခံအမြင်ပေါ့ big brother attitude ဒီမှာပါတယ်လို့ ယူဆတယ်။ တကယ်တော့ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ ကျနော့်အမြင်အရတော့ လိုအပ်တဲ့ဝန်ကြီးဌာန မဟုတ်ဘူးလို့ ယူဆတယ်။”လို့ ပြောပါတယ်။ နစ်နာနေတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ရရှိဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကသာ အရေးအကြီးဆုံးပဲလို့ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတွေဟာ ၀န်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတကသာ အဆိုပြုတဲ့အပေါ်ကိုသာ အတည်ပြုခန့်အပ်ခွင့်ရှိတာကြောင့် ဒီပုဒ်မကို ပြင်ဆင်ပေးဖို့ ပထမအကြိမ်လွှတ်တော်မှာ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဦးအောင်မိုးဇော်က “ပြည်နယ်အစိုးရတွေပေါ့ဗျာ ပြည်နယ်လွှတ်တော်တွေက သူ့ဝန်ကြီးချုပ်တောင်မှ သူတင်လို့ရတဲ့အခြေအနေမှ မရှိတာပဲ။ ဥပမာ ကရင်ပြည်နယ်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကရင်ပြည်နယ်လွှတ်တော်က ရွေးချယ်တင်မြှောက်တာမှမဟုတ်တာ၊ ကရင်ပြည်သူလူထုက ရွေးချယ်တင်မြှောက်တာမှ မဟုတ်တာ။ ဒီလိုပဲ မွန်ပြည်နယ်မှာလည်း ဒီလိုပဲ၊ အဲဒီလိုအခြေအနေတောင်မရှိဘဲနဲ့ ဒီတိုင်းရင်းသားဝန်ကြီးက ဘာတွေ သွားဆောင်ရွက်လို့ရမလဲ။ အခြေခံကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပဲဖြစ်တယ်။ တိုင်းရင်းသားတွေတောင်းနေတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု ဒါကို တိုင်းရင်းသားတွေက လိုလားတာဖြစ်တယ်။ အခု ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်အရ ဇယားတွေကို ကြည့်လိုက်။ ပြည်နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်က ဘာမှရှိတာမဟုတ်ဘူး။ အဲတော့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်ဘာမှ မရှိဘဲနဲ့ ပြည်နယ်တွေမှာနေတဲ့ တိုင်းသူပြည်သားတွေ၊ ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေအတွက် ဘာမှ ကူညီဆောင်ရွက်လို့ရမှာ မဟုတ်ဘူး။” “အခြေခံကတော့ တိုင်းရင်းသားတွေ အခွင့်အရေးကို ကာကွယ်လိုတယ်၊ ကာကွယ်ဖို့စိတ်ဆန္ဒတကယ်ရှိကြတယ်ဆိုလို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုအားလုံးဆွေးနွေးပြီးတော့ သွားကြဖို့ပဲ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဖို့ပဲ။ အဲဒါက အဓိကအကျဆုံးပဲလို့ ကျနော်ထင်ပါတယ်။”
5 years Ago
Up