တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း အခိုင်အမာပြော

January 24, 2018

အန်စီအေစာချုပ်ဟာ နိုင်ငံအတွက် မရှိမဖြစ်စာချုပ်ဟု တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း အခိုင်အမာပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်သလို အန်​စီ​အေ စာချုပ်ဆိုတာ နိုင်ငံအတွက် မရှိမဖြစ် စာချုပ်ဖြစ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ဥက္ကဋ္ဌ အရှေ့တောင်​တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက ပြောပါတယ်။ ဇန်နဝါရီ ၂၃ ရက် မနက်က ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့ ၂ ရက်ကြာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက “ဒီနေ့အချိန်အခါမှာ ပြန်ကြည့်မယ်ဆိုရင် တချို့ဒေသတွေမှာ ငြိမ်ချမ်းရေး အခက်အခဲရှိနေသေးတာကို တွေ့ရတယ်။ ငြိမ်ချမ်းရေးပေါ်မှာ မူတည်ပြီး ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ယှဉ်တွဲပြီးပါလာတာဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်ချမ်းရေးဟာ မဖြစ်​မနေ လုပ်ဆောင်ရမယ့်လုပ်ငန်း ဖြစ်တယ်။ အန်​စီ​အေစာချုပ်ဆိုတာ နိုင်ငံအတွက် မရှိမဖြစ်စာချုပ်ဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲမှာ ရင်းရင်းနှီးနှီး ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြပြီး JMC လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ အန်​စီ​အေ စတင်ဖြစ်ပေါ်လာပုံ၊​ JMCရဲ့ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို အုပ်စုဖွဲ့ ဆွေးနွေးပြီး၊ တိုင်းကြားမှုနဲ့ အငြင်းပွားမှုတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ စိစစ်အတည်​ပြုရမယ့် လုပ်ငန်းစဉ်တွေ၊ ပူးတွဲနယ်လှည့်စောင့်ကြည့်ခြင်း၊ ဒေသခံ အရပ်သားစောင့်ကြည့်သူများရဲ့ လုပ်ငန်းလမ်းညွှန်၊ JMC(ကရင်)ရဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂ ရက်တာ ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဗဟိုအဆင့် ​JMCအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး၊ ပြည်နယ်အဆင့်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၆ ဦး၊ အရပ်သား ကိုယ်စားလှယ် ၄ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၂ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ​ပူးတွဲစောင့်ကြည့်အစည်းအဝေးကနေ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များပြားတဲ့အတွက် ပြည်နယ်အဆင့် JMCကို အဖွဲ့ဝင်ပေါင်း ၂၂ ဦး အထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့မှာ ပထမဆုံးအကြိမ်​ ပြုလုပ်တာဖြစ်ပြီး ပြည်နယ်အဆင့် ​JMC အစည်းအဝေးကို ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူတ​ဦးက ပြောပါတယ်။ သတင်း - ရဲမင်းခေါင်
4 years Ago
Up