တိုင်ဖွန်း

August 24, 2017

ဟောင်ကောင်နှင့် မကာအိုတွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်၊ အနည်းဆုံး ၁၂ ဦး သေဆုံး

ဟောင်ကောင်နဲ့ မကာအိုမြို့တွေမှာ သြဂုတ် ၂၄ ရက်နေ့က အင်အားပြင်း ဟာတို (Hato) တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံးလူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ မကာအိုမြို့လယ်ခေါင်ကို ဗဟိုပြု တိုက်ခတ်ခဲ့ချိန်မှာတော့ လူ ၈ ဦး သေဆုံးခဲ့ပြီး မြို့တွင်းလမ်းမတွေပေါ် ကားတွေဟာ ရေအောက်မှာ တပိုင်းတစ နစ်မြုပ်နေခဲ့ကာ လူတွေလည်း ရေတွေထဲမှာ ဖြတ်သန်းသွားလာနေကြတာကို သတင်းဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ အမျိုးသားတဦးကတော့ နံရံပြိုကျခဲ့လို့ သေဆုံးခဲ့ပြီး နောက်တဦးကတော့ ၄ လွှာအမြင့်ရှိ အဆောက်အအုံပေါ်က ပြုတ်ကျသေဆုံးခဲ့ကာ တရုတ် ကမ္ဘာလှည့်ခရီးသွားတဦးကတော့ လမ်းမပေါ်မှာ ကုန်ကားတစီး တိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ချန်နယ်နယူးစ်အေးရှား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာတော့ ပန်းခြံတခုထဲမှာ အမျိုးသားအလောင်းတလောင်း တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပြီး တခြားထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မရနိုင်သေးဘူးလို့ ပြောပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။ ဟောင်ကောင်မှာတော့ ဒီမုန်တိုင်းတိုက်ခတ်နိုင်တဲ့ သတိပေးချက်တွေကို အစောပိုင်းက ထုတ်ပြန်ခဲ့ပြီး ကျောင်းတွေ၊ ဈေးတွေကို ပိတ်ထားခဲ့ရကာ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရတာပါ။ လက်ရှိမှာတော့ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၁၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၈၃ နှစ်အရွယ် အဖိုးအိုတဦးကတော့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အိမ်နီးချင်းဒေသတခုဖြစ်တဲ့ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်ထဲမှာလည်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၆၈၁၇ ဦးကိုတော့ ယာယီကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ထားခဲ့ရတာပါ။ လက်ရှိမှာတော့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး အိမ်ထောင်စုပေါင်း ၂ သန်းနီးပါးဟာ လျှပ်စစ်မီးမရရှိကြဘူးလို့ ဆင်ဟွာသတင်းတပုဒ်က ဆိုပါတယ်။
4 years Ago

August 23, 2017

ဟောင်ကောင်တွင် အမြင့်ဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နိုင်သည့် သတိပေးချက်ထုတ်ပြန် (ရုပ်သံ)

ဟောင်ကောင်မှာ အာတို (Hato) တိုင်ဖွန်းမုန်တိုင်း အမြင့်ဆုံးတိုက်ခတ်နိုင်တဲ့ အခြေအနေရှိတာမို့ အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မြို့အနီး ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်လာနိုင်တဲ့အတွက် လက်ရှိမှာတော့ စတော့ဈေးကွက်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေကို ပိတ်ထားခဲ့ရပြီး တခြား ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားခဲ့ရတယ်လို့ စီဂျီတီအန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ လှိုင်းတွေရိုက်ခတ်နေတာကို ကြောက်မက်ဖွယ် တွေ့မြင်ကြရမှာပါ။ မုန်တိုင်းရဲ့အရှိန်ကြောင့် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
4 years Ago
Up