၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အထမြောက်စေဖို့ ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေ ထောက်ခံတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မှာ အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းဖို့ ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေ ဆွေးနွေးခဲ့လား မေးခွန်းကိုတော့ ဝန်ကြီးချုပ် အာဘေးက မဖြေခဲ့ပါဘူး။
ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေ ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်မှာ “ကိုရိုနာဗိုင်းရပ်စ်သစ်ကို လူသားမျိုးနွယ်က အောင်နိုင်တယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ အိုလံပစ်ပြိုင်ပွဲကို အထမြောက်စေလိုပါတယ်။ ဂျီ-ဆဲဗင်း ခေါင်းဆောင်တွေကလည်း ထောက်ခံပြောကြားပါတယ် ”လို့ ဝန်ကြီးချုပ်အာဘေးက သတင်းထောက်တွေကို ပြောပါတယ်။
ဗွီဒီယိုကွန်ဖရင့်မှာ ဂျီ-ဆဲဗင်းခေါင်းဆောင်တွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်ဖို့နဲ့ အများပြည်သူ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးတိုးတက်မှုကို ကာကွယ်ဖို့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပြိး ကျန်းမာရေးနဲ့ စီးပွားရေးအန္တရာယ်တွေကို ဖြေရှင်းမယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲကို လာမယ့် ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၉ ရက်အတွင်း ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
12 months Ago