တိုကျိုအိုလံပစ်ပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေသိပ်များတယ်လို့ ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် တစ်ဦးက ပြောပါတယ်။
အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်မှာ ပြန်ကျင်းပမှာ ဖြစ်ပေမဲ့ ဂျပန်နိုင်ငံ ဒေသ အတော်များများမှာ ကပ်ရောဂါဘေး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး ကန့်ကွက်တာတွေ များလာတာမို့ ပွဲစီစဉ်သူတွေဟာ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။
"ရောဂါကူးစက်လို့ မနှစ်တုန်းက ဖျက်ခဲ့တဲ့ တိုကျိုအိုလံပစ်ကို ဘာလို့ ပြန်လုပ်မှာလဲ။ အခုက မနှစ်ကထက် ပိုကြီမားတဲ့ အန္တရာယ်ကို ကြုံနေရတယ်"လို့ ကိုဘေတက္ကသိုလ်က ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် ကန်တာရိုအီဝါတာက ဆိုပါတယ်။
တခြားစီးပွားရေး ထိပ်တန်း ရောက်တဲ့ နိုင်ငံတွေလောက် ဂျပန်ဟာ ကပ်ရောဂါဒဏ် သိပ်မခံ ရပေမဲ့ မကြာသေးခင်က ကူးစက်တာတွေ မြင့်တက်တာကြောင့် နေထိုင်သူ မဟုတ်တဲ့ နိုင်ငံခြားသားတွေကို နယ်စပ်အဝင်အထွက် ပိတ်ခဲ့ပြီး တိုကျိုနဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။
ရွှေ့ဆိုင်းထားတဲ့ တိုကျိုအိုလံပစ်နဲ့ ပါရာလမ်ပစ်ပြိုင်ပွဲကို ကမ္ဘာတဝန်းက အားကစားသမား နဲ့ အထောက်အကူပြု ဝန်ထမ်း ၁၅,၀၀၀ လာရောက်မှာဖြစ်တာမို့ အိုလံပစ်ဟာ ပွဲစီစဉ်သူတွေ အတွက် စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါကတော့ အိုလံပစ်ကို စီစဉ်ထားတဲ့အတိုင်း အစိုးရက ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဖျက်သိမ်းမယ်ဆိုရင် ပွဲစီစဉ်သူတွေဟာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံ ဆုံးရှုံးပြီး ကြီးမားတဲ့ ဘဏ္ဍာရေး ဆုံးရှုံးမှုဖြစ်စေမယ်လို့ ရိုက်တာက သုံးသပ်တင်ပြပါတယ်။
6 days Ago