တိုကျိုစစ်ခုံရုံး

February 5, 2020

သေမင်းတမန် ရထားလမ်းနှင့် တိုကျိုစစ်ခုံရုံး (သုတကဖေး) 

ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ စစ်ခုံရုံးတွေ အလျှိုလျှို ပေါ်လာခဲ့ကြတယ်။ နျူးရင်ဘတ် စစ်ခုံရုံး၊ တိုကျိုစစ်ခုံရုံးတို့လို နာမည်ကြီးခုံရုံးတွေအပြင် ၁၉၄၆ မှ ၁၉၄၈ ခုနှစ်အတွင်း ဖိလစ်ပိုင် မနီလာမြို့၊ ဗြိတိသျှပိုင် ဟောင်ကောင်ကျွန်းပေါ်ရှိ ဟောင်ကောင်မြို့၊ ဂူအမ်ကျွန်းရှိ အာဂါနာမြို့၊ အင်ဒိုနီးရှား တိုင်မွာမြို့တို့မှာလည်း စစ်ရာဇတ်ကောင်တို့အတွက် ခုံရုံးအသီးသီး ဖွင့်ခဲ့ကြတယ်။ ထိုနည်းတူ မြန်မာပြည်မှာလည်း မြို့တော်ခန်းမကို စစ်ခုံရုံးလုပ်ပြီး တရားစီရင်ခဲ့ဖူးတယ်။ ဒီအကြောင်းကိုလည်း ကျနော် ရေးခဲ့ပြီးပါပြီ။ စစ်ရှုံးနိုင်ငံတွေအပေါ် စစ်နိုင်သူတွေက လုပ်လေ့လုပ်ထ ရှိခဲ့တာပဲလေ။ ဒါကြောင့်လည်း “စစ်ဆိုတာ နိုင်သူက ဩဇာလွှမ်းဖို့ ဖန်တီးချက်တခုထက် မပိုဘူး”လို့ ပြောကြတာပါ။ ၁၉၄၆ ခုနှစ် မြို့တော်ခန်းမမှာ ဖွဲ့ခဲ့တဲ့ စစ်ခုံရုံးက ၁၉၄၄ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ မော်လမြိုင်၊ ကျိုက်မရောနယ်မှာရှိတဲ့ ရေတွင်းကုန်းရွာ အစုလိုက် အပြုံလိုက် သတ်မှုကို အခြေခံပြီး ဖွဲ့ခဲ့တာ။ ရေတွင်းကုန်းရွာသား ၆၀၀ လောက်ဟာ ဗြိတိသျှတပ်နဲ့ ဗမာပြောက်ကျားတပ်တို့ကို အကူအညီပေးလို့ဆိုပြီး ဂျပန်စစ်တပ်က ပစ်သတ်ခဲ့တာ။ တကယ့် စစ်ရာဇဝတ်မှုကြီးပေါ့။ အဲဒီခုံရုံးကနေ ဂျပန်စစ်ဗိုလ် ၄ ယောက်ကို သေဒဏ်ပေးခဲ့တာ။ ဒီအကြောင်းက ကျနော် ဖော်ပြခဲ့ပြီးပါပြီ။ အခု ပြောချင်တာက  တိုကျိုစစ်ခုံရုံးအကြောင်းပါ။ တိုကျိုစစ်ခုံရုံးကတော့ အာရှတခုလုံးအတွက် ဆိုတော့ ပိုကျယ်ပြန့်တယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ မြန်မာ၊ တရုတ် အစရှိတဲ့ အရှေ့အာရှနိုင်ငံများမှာ ဂျပန်တို့ ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေကို စုပေါင်းစစ်ဆေးတာပါ။ တကယ်တော့ အရှေ့အာရှရဲ့ ပထမဦးဆုံး စစ်ခုံရုံး ၁၉၄၅ အောက်တိုဘာ ၂၉ ရက်နေ့ ဂျပန်လက်နက်ချပြီး ၂ လအကြာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စစ်ရာဇဝတ်ခုံကို စဖွဲ့တာလို့ ဆိုပါတယ်။ ဒီခုံရုံးက စစ်တရားခံအဖြစ် ဗိုလ်ချုပ်ကြီး “ယာမာရှိတ” တဦးတည်းကိုပဲ ခုံရုံးတင်ခဲ့တာ။ ၁၉၄၆ ဖေဖဝါရီ ၂၃ ရက်မှာတော့ ဗိုလ်ချုပ်ကြီး “ယာမရှိတ”ကို ကြိုးမိန့်ပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ “အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး” ဆိုပြီး ကမ္ဘာကျော်စစ်ခုံရုံးကြီး နှစ်ခု ရှိခဲ့တယ်။ အဲဒါတွေက ဂျာမနီမှာဖွင့်တဲ့ နျူးရင်ဘတ်စစ်ခုံရုံးနဲ့ ဂျပန်မှာတဲ့ တိုကျိုစစ်ခုံတို့ပါပဲ။ နျူးရင်ဘတ်စစ်ခုံရုံးကတော့ ဂျာမန် စစ်တရားခံတွေကို စစ်ဆေးပြီး တိုကျို စစ်ခုံရုံးကတော့ ဂျပန်စစ်တရားခံတွေကို စစ်ဆေးတဲ့ စစ်ခုံရုံးပါ။ အီတလီ ဖက်ဆစ်တွေကတော့ ၁၉၄၅ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီသုတ်သင်လို့ပြီးသွားပြီမို့ စစ်ခုံရုံးဖွဲ့ဖို့ အကြောင်းမရှိတော့ဘူးလို့ ဆိုရမှာပါ။ ဒီစစ်ခုံရုံးနှစ်ခုမှာ နျူးရင်ဘတ်စစ်ခုံရုံးကတော့ ပိုပြီး ထင်ရှားတာပေါ့။ နျူးရင်ဘတ်မှာက စစ်ဆေးခံရတဲ့ ဟစ်တလာ၊ ဂိုအာရင်း၊ ဟင်းမလားတို့က တိုကျို စစ်ခုံရုံးရဲ့ တိုဂျို၊ တိုဂို၊ ကိုအီဆို၊ ဟီရိုတာ စတဲ့ စစ်တရားခံတွေထက် ပိုပြီး လူသိများတယ်။ ပိုပြီး ထင်ရှားပေတာကိုး။ ဒီတော့ နျူးရင်ဘတ်စစ်ခုံက ပိုထင်ရှားပေတာပေါ့။ နျူးရင်ဘတ်က ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဆိုဗီယက်တို့ ပါဝင်တဲ့ တရားသူကြီးတွေနဲ့ဖွဲ့တာ။ တိုကျိုခုံရုံးကကျတော့ အဖွဲ့ဝင် ၁၁ နိုင်ငံ ပါတယ်ဆိုပေမယ့် အမေရိကန်စစ်ဌာနချုပ်က ဦးဆောင်ဖွဲ့စည်းထားတဲ့ ခုံရုံးပါ။ ဒါပေမဲ့ တိုကျိုစစ်ခုံရုံးကတော့ နျူးရင်ဘတ်ထက် ၆ လလောက် စောဖွဲ့စည်းနိုင်ခဲ့တယ်။ ၁၉၄၆ မေ ၃ ရက်မှာ ဖွဲ့ခဲ့ပြီး နျူးရင်ဘတ်က ၁၉၄၆ နိုဝင်ဘာ ၂၀ ရက်မှ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီလို စစ်ခုံရုံးဖွဲ့ဖို့ ကြိုတင်ပြင်ခဲ့တာက ၁၉၄၂ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဗြိတိသျှပါလီမန်မှာ အထက်လွှတ်တော်အမတ် “လော့မော်မ်”က “ဒုတိယကမ္ဘာစစ်ကြီးပြီးရင် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သလို စစ်ဆေး အပြစ်ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံး ဖွဲ့စည်းဖို့လိုကြောင်း” ကြိုတင်ပြီး အဆိုတင်သွင်းရာက စတယ်လို့ ဆိုနိုင်တယ်။ လော့မော်မ်ဟာ ပထမကမ္ဘာစစ်အပြီး စစ်ခုံရုံး မဖွဲ့နိုင်ခြင်းအပေါ် အမေရိကန်နဲ့ အင်္ဂလန်ကို အပြစ်တင်ရင်း ဒုတိယကမ္ဘာစစ်အပြီး ခုံရုံးဖွဲ့နိုင်ဖို့ အဆိုတင်ခဲ့တာ။ ဒါရဲ့အကျိုးဆက်က တိုကျိုစစ်ခုံရုံးနဲ့ နျူးရင်ဘတ်ခုံရုံးနှစ်ခု ပေါ်လာခဲ့တာပဲ။ တိုကျိုစစ်ခုံရုံးရဲ့ စစ်ရာဇဝတ်ကောင် ၂၈ ယောက်ကို ခုံရုံးတင်ခဲ့တာ။ သူတို့နဲ့ပတ်သက်တဲ့ စွဲဆိုတဲ့ စွဲချက်တွေထဲမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဆက်သွယ် ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းလည်း တခုအပါအဝင် ဖြစ်ခဲ့တယ်။ ဒီလမ်း ဖောက်ရေးအတွက် ဆုံးဖြတ်ချက်တွေထဲမှာ ဘုရင်ဟီရိုဟီတိုကိုယ်တိုင် ဆုံးဖြတ်ချက်ပေးခဲ့တာ ဆိုတော့ သူလည်း ဘယ်ကင်းနိုင်ပါ့မလဲ။ ဒီလမ်းကြောင်းကနေ အိန္ဒိယပြည် သိမ်းပိုက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် ကြံရွယ်ခဲ့တာ။ သေမင်းတမန် မီးရထားလမ်း ဆိုတဲ့အတိုင်း မဟာမိတ်စစ်သုံ့ပန်း တသောင်းကျော်နဲ့ မြန်မာ အမျိုးသားပေါင်း ရှစ်သောင်းကျော်၊ စုစုပေါင်း လူတသိန်းနီးပါး မရှုမလှ အသက် ဆုံးရှုံးခဲ့ရတာကလား။ ဒီစာရင်းက ဗြိတိသျှနိုင်ငံခြားရေးရုံး လန်ဒန်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိတာ။ ရထားလမ်းကိုတော့ မြန်မာဘက်မှာ ၁၉၄၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ဖောက်လုပ်ခဲ့တာ။ ထိုင်းနိုင်ငံ ဘန်ပေါင်မြို့ကနေ သံဖြူဇရပ်အထိ ရေတွက်ရင် မိုင်ပေါင်း ၂၀၀ နီးပါး အရှည်ရှိတယ်။ ဒီလောက်အရှည်မိုင်ကို တောကြီးမျက်မည်းထဲမှာ တနှစ်ခွဲအတွင်း အပြီးဖောက်လုပ်ကြရမှာပါ။ ‘တိုက်ဒိုဝ ကျိုအေကင်း’ ဆိုတဲ့ ‘အရှေ့အာရှ သာတူညီမျှကောင်းစားရေး’စကားနဲ့ “ချွေးတပ်”လို့ အမည်ပေးပြီး ပေါ်တာဆွဲခဲ့တာ။ ရထားလမ်းအတွက် သာမန် အရပ်သားပေါင်း နှစ်သိန်းခုနစ်သောင်း၊ စစ်သုံ့ပန်း ၆၁၀၀၀ နဲ့ စုစုပေါင်း ၃၃၁၀၀၀ကို လူမဆန်အောင် နှိပ်စက်ခိုင်းစေခဲ့တာ။ အဲဒီထဲက တသိန်းကျော်ဟာ အစာရေစာ ငတ်ပြတ်တာ၊ ငှက်ဖျားရောဂါနဲ့ သေတာ၊ ဝမ်းရောဂါနဲ့ ဆုံးကြရတာ။ ဒါတွေကြောင့် တိုကျိုစစ်ခုံရုံးမှာ “သေမင်းတမန်ရထားလမ်း”ဟာ အရေးကြီးသော စွဲချက်တခုအဖြစ် ပါဝင်လာရတာ။ သေမင်းတမန် မီးရထားလမ်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ ဆရာမောင်ထင်ရဲ့ “ငဘ” ဆိုတဲ့ ဝတ္ထုနဲ့ လင်းယုန်သစ်လွင် ရေးတဲ့ “ယိုးဒယား-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ ချွေးမှတ်တမ်း”တို့မှာ အထင်အရှား ရှိခဲ့တယ်။ တိုကျိုစစ်ခုံရုံးမှာတော့ မီးရထားလမ်း ဖောက်လုပ်ရာ သေဆုံးသူတို့ရဲ့ သက်သေခံပစ္စည်းတွေ၊ နေ့စဉ်မှတ်တမ်းတွေ၊ ကိုယ်တွေ့ အစစ်ခံချက်တွေ။ ဒီလမ်းကို ဦးစီးဖောက်လုပ်ခဲ့တဲ့ ဂျပန်စစ်ဗိုလ်ချုပ်ကြီး ‘ဝါကာမတ်ဆု’ ကလည်း အမှန်တကယ် သေဆုံးကြောင်း၊ ဆင်းရုဲဒုက္ခရောက်ကြောင်းတို့ကို သက်သေခံခဲ့တယ်။ ဒါကြောင့် ဂျင်နရယ်တိုဂျိုဟာ ငြင်းမရဘဲ ဝန်ခံခဲ့ရတယ်။ ၁၉၄၅ ဩဂုတ် ၈ ရက်မှာတော့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့မှ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စစ်ရာဇဝတ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ သူတို့ ဖွင့်ဆိုခဲ့တာက…. “စစ်ဥပဒေနှင့် စည်းကမ်းများအား ကျူးလွန်သည့် ပြစ်မှုများ ဖြစ်သည်။ ယင်း ဖောက်ဖျက် ကျူးလွန်မှုများတွင် အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အလုပ်ကြမ်းများ အဓမ္မစေခိုင်းခြင်း စသည်များအပြင် သိမ်းပိုက်ထားသည့် နယ်မြေများမှ စစ်သုံ့ပန်းများအား ပင်လယ်ထဲတွင် နှိပ်စက်ခြင်း၊ သို့မဟုတ် သတ်ဖြတ်ခြင်း၊ ဓားစာခံများအား သတ်ပစ်ခြင်း။ ပြည်သူပြည်သားများ၏ စည်းစိမ်ဥစ္စာများကို လုယက်ယူငင်ခြင်း၊ စစ်ရေးအရ မလိုအပ်ဘဲ မြို့ကြီးမြို့ငယ်များနှင့် ကျေးရွာများအား ဖျက်ဆီးခြင်း စသည့်ပြစ်မှုများ ပါဝင်သည်” လို့ ဖွင့်ဆိုခဲ့ကြတယ်။ အဲဒီဖွင့်ဆိုချက်အပေါ် အခြေခံထားပြီး ပြစ်ဒဏ်အသီးသီး ပေးခဲ့ကြတဲ့အထဲမှာ “သေမင်းတမန် မီးရထားလမ်း” အတွက်ကိုလည်း ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း မှတ်သားလိုက်ရပါတယ်။ ဆရာဋ္ဌေး    Photos : Wikipedia
1 year Ago
Up