ရှစ်လေးလုံး ၃၄ နှစ်မြောက် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပြွကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဩဂုတ် ၈ ရက် ဒီနေ့ ပြုလုပ်ကြပါတယ်။
မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေအပါအဝင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ရာနဲ့ချီကာ လူစည်ကားတဲ့ တိုကျိုမြို့ ဂိုးဒန်းဒအရပ်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ တိုကျိုသံရုံးကို ဖြတ်ကာ ချီတက်ဆန္ဒပြခဲ့ကြပြီး သံရုံးရှေ့မှာလည်း ၂ နာရီကျော်လောက် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် ရှစ်လေးလုံးကြီး ၃၄ နှစ်ရှိပေမယ့် အခုထိ မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင် လူစည်ကားတဲ့အရပ်မှာ လှည့်လည်ဆန္ဒပြရတာလို့ ချီတက်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးကျော်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မတရားဖိနှိပ်မှုကို မခံချင်လို့ လူထုလှုပ်ရှားမှုနဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့တဲ့ ရှစ်လေးလုံး စိတ်ဓာတ်တွေနဲ့ အခုခေတ်လူငယ်တွေရဲ့ ဇွဲ၊ စွမ်းပကား စွန့်လွှတ်ရဲတဲ့သတ္တိတွေနဲ့ ပေါင်းစပ်တဲ့ နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်ရမယ် ယုံကြည်တယ်လို့လည်း သံရုံးရှေ့ ရှစ်လေးလုံး အထိမ်းအမှတ် ဆန္ဒပြပွဲ လာရောက်ပူးပေါင်းခဲ့သူ ဦးမြတ်သူက ပြောပါတယ်။
၃၄ နှစ်မြောက် တိုကျို ရှစ်လေးလုံး ချီတက်ဆန္ဒပြပွဲမှာ ထူးခြားမှုကတော့ ဂျပန်ရောက် မြန်မာနိုင်ငံသာတွေနဲ့အတူ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်အလုပ်သမားသမဂ္ဂတွေ၊ ဂျပန်အန်ဂျီအိုအဖွဲ့တွေပါ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်စွဲကာ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံ တိုကျို ရှင်ဂျူခုအိုခုဘိုအနီး GEN Sports Palace မှာ ဩဂုတ် ၇ ရက်နေ့ ကျင်းပမယ့် MMA ပွဲကြီးမှာ မြန်မာနိုင်ငံသား ကချင်တိုင်းရင်းသား Ying Ting Lagyawm က ကီလို ၇၀ တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် ယိန်းတိန့်ဟာ ဇူလိုင်လကလည်း မြန်မာပြည်ကိုယ်စား All Japan Oota Dojo Brazilian Jiu- Jitsu Academy ပွဲမှာ ငွေတံဆပ်ဆွတ်ခူးရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ယိန်းတိန့်ဟာ ဂျပန်နိုင်ငံကို ဂျပန်ဘာသာသင်ကျောင်းသားအနေနဲ့ ၂၀၁၇ ခုနှစ်က ရောက်ရှိခဲ့ပြီး အခုအခါ ဆိုင်တမခရိုင်မှာ ကုမ္ပဏီဝန်းထမ်းလုပ်ကိုင်ရင်း မိသားစုနဲ့အတူနေထိုင်ကာ Karate, Kick Boxing , Paraester MMA & BJJ တို့ကို MMA ပြိုင်ပွဲတွေအတွက် ကြိုးပမ်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။