တိုက်‌ပွဲ

August 5, 2021

တိုက်‌ပွဲကြောင့် ဝိုင်းမော်ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ယခုရက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်‌မတော် ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စ်တပ်ဖွဲ့၀င်တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တချို့ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မဒိန်ကျေးရွာအ‌ခြေစိုက် နယ်မြေခံ ခလရ ၅၈ တပ်က သုံးလေးရက်ဆက်တိုက် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့နေအိမ်တွေဆီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာနားက  မဒိန်၊ ခကွမ်၊ လဘန် နဲ့ တန်ဘောင်ကျေးရွာတွေက  ဒေသခံတချို့ဟာ ဩဂုတ် ၄ ရက်ကစပြီး နီးစပ်ရာမြို့တွင်းဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

တပ်နဲ့နီးစပ်တဲ့ ရွာခံမိသားစုတချို့ကို တပ်က ပြောင်းခိုင်းတဲ့ သတင်းကြားပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန် လာမှာကို စိုးရိမ်တာကြောင့် နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ တိမ်းရှောင်ခိုလှုံ နေရတယ်လို့ လဘန်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ 

ကိုဗစ်ကာလအတွင်း အုပ်စုလိုက် စစ်ရှောင်ဖို့ မလွယ်ကူပေမဲ့ ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရွာကို ပစ်နေတော့ အိပ်လို့လည်း မရ ကြောက်တာကြောင့် ကြိုတင် တိမ်းရှောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိ အများစုက ဝိုင်းမော်ဇုံနယ် အသင်းတော်၀င်းမှာ ခိုလုံနေကြကာ တချို့က နီးစပ်ရာ မြစ်ကြီးနား ဝိုင်းမော်မြို့ရှိ ဆွေမျိုးတွေ အိမ်မှာ ခိုလှုံနေကြရတာဖြစ်ပြီး ကျန်ခဲ့တဲ့ ရွာခံတချို့ကလည်း ညရောက်ပါက စုပေါင်းကာ လုံခြုံတဲ့နေရာမှာ ခိုလုံနေရတယ်လို့လည်း ဆိုပါတယ်။

မနေ့ ည ၁၀ နာရီကျော်ကလည်း ဝိုင်းမော်မြို့အတွင်း စစ်ရဟတ်ယာဉ် ပျံဝဲခဲ့တာရှိပြီး ဩဂုတ် ၅ ရက် ဒီကနေ့မနက် ၃ နာရီလောက်မှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့  ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်လို့ သိရပါတယ်။

4 months Ago
Up