တိုက်လေယာဉ်ဖြင့်တိုက်ခိုက်

April 24, 2020

မင်းပြားမြို့နယ်တွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက် 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲမှာ  တပ်မတော်က တိုက်လေယာဉ် ၂ စီးနဲ့ ဒီကနေ့ မွန်းလွဲပိုင်းက လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဒီကနေ့ မနက်ပိုင်းက  မင်းပြားမြို့နယ် ရာမောင်တံတားအနီး တောင်တန်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဂဟကမ်းရက္ခိတအဖွဲ့က ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “တိုက်လေယာဉ်နှစ်စီးက အရင်က ပစ်တာတွေနဲ့မတူဘူး။ ပုံစံတမျိုးပဲဗျ၊ ပျံတာလည်း အရမ်းမြန်တယ်။ နှစ်စီးနဲ့ လာပစ်တာဗျ၊ ရာမောင်တံတားအလွန် အဲ့ဒီမှာ တောင်တန်းရှိတယ်။ အဲ့ဒီတောင်တန်းကိုပဲ နှစ်စီးလုံးက ဦးတည်ပြီးတော့ ပစ်နေတာ။ ၃ နာရီ ၅၅ မိနစ်ကနေ ပစ်နေတာ၊ ၄ နာရီ ၁၆ မိနစ်ကျော်အထိ ပစ်တယ်။ အရင်က ပစ်တဲ့လေယာဉ်တွေဆိုရင် ပစ်ပြီးတော့ပျံသွားကြတယ်။ အခုကအဲ့လိုမ ဟုတ်ဘူး။ ပစ်တယ်ဆိုရင် ဆက်တိုက်ပစ်ပြီးတော့ ပျံတာ”လို့ပြောပါတယ်။ ရာမောင်းတံတားနဲ့အနီး သေကမ်းကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင်ဒုက္ခသည်တဦးက တော့ “ရာမောင်မြစ်၊ မင်းပြားနဲ့ ငစိုင်းရိုင်းချောင်းကျွန်းမှာရှိနေတဲ့ ရေတပ်တွေကလည်းအမြောက်နဲ့ အဲ့ဒီတောင်တန်းဘက်ကို ပစ်နေတယ်။ တိုက်လေယာဉ်ကလည်းပစ်နေတယ်။ ဒီမှာကတော့ အမ်းသားရွာက၊ ပြီးတော့ သေကမ်းစစ်ဘေးရှောင်စခန်းတွေမှာ ရောက်နေတဲ့ ဒုက္ခသည်တွေက တော်တော်လေးကို စိုးရိ်မမှုမြင့်တက်နေတယ်။ အရမ်းကို နီးကပ်နေတာကို”လို့  ပြောပါတယ်။ အခုလိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားကကျေးရွာဒေသခံတွေထိခိုက် ပျက်စီးမှု အခြေအနေကို မသိရသေးပေမယ့် ရွာတချို့လူတွေ ထွက်ပြေးတိမ်းရှောင်သွားတာတွေ ရှိနေတယ်လို့ သင်္ဂဟကမ်းရက္ခိတအဖွဲ့ကဥက္ကဋ္ဌ ကိုအမ်းသားကြီးကပြောပါတယ်။
1 year Ago

March 20, 2020

မြေပုံမြို့နယ်တွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက် 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီးတောင်တန်းတလျှောက် တပ်မတော်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၁၉ ရက် မနက် ၁၁ နာရီကျော်လောက်က စညှင်းကျေးရွာနဲ့ အရှေ့ဘက် နှစ်မိုင်လောက်အကွာရှိ တောင်တန်းတွေကို တပ်မတော်က တိုက်လေယာဉ်တစီးနဲ့ လာရောက် ပစ်ခတ်ခဲ့သလို ညနေပိုင်းမှာ နောက်ထပ်တစီး လာရောက်ပစ်ခတ်ခဲ့တယ်လို့ စညှင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ကျနော်တို့ရွာက တောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲလာတိုက်ခိုက်တယ်။ ကျနော်တို့ရွာနဲ့ဆိုရင် တမိုင်လောက်တော့ဝေးမှာပေါ့။ ၁၁ နာရီ ၄၀ လောက်မှာတခါလာကြဲတယ်။ စညှင်းကျေးရွာမြောက်ဘက်ကိုလာကြဲတာ၊ ၁၀ မိနစ်လောက်ကြတယ်။ ပြီးတော့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်ကတစီးလာပစ်တယ်။ ၁၀ မိနစ်လောက်ကြာတယ်။ ပစ်ခတ်တာတွေလုပ်တာ။” ဒါ့အပြင် စညှင်းကျေးရွာပတ်ဝန်းကျင်မှာ နေရာယူထားတဲ့ တပ်မတော်တပ်စခန်းတွေကနေ မသင်္ကာတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာ ဒီနေ့ဆိုရင် ၅ ရက်ရှိပြီလို့ နယ်ခံ ရွာသားတွေက ပြောပါတယ်။ ဒီလိုပစ်ခတ်မှုတွေကြောင့် ကျေးရွာရဲ့တောင်ဘက်မှာရှိတဲ့ ချောင်းနားမှာငါးရှာနေတဲ့ လောင်းလှေတစီးနားကို မတ်လ ၁၉ ရက်နေ့က လက်နက်ကြီးတလုံးကျရောက် ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ စညှင်းကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ စညှင်းကျေးရွာအနီးမှာ စစ်ဘေးရှောင်စခန်းတခုရှိပြီး အနီးအနားက ထွက်ပြေးလာတဲ့ ကျေးရွာအသီသီးက လူ ၇၀၀ ကျော်လောက်နေထိုင်ကြပါတယ်။ စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသုဝဏ္ဏက “ စညှင်းစစ်ဘေးရှောင်နဲ့ တဖာလုံခွဲလောက်အကွာမှာ ပစ်ခတ်မှုတွေဖြစ်နေတယ်။ တဘက်တည်း ပစ်နေလို့ယူဆလို့ရတယ်။ ၆ နာရီခွဲကနေစပြီးတော့ပစ်တာ ၁၀ နာရီအချိန်ထိပစ်တာ။ စစ်ဘေးရှောင် စခန်းသူတွေလည်း တော်တော်စိုးရိမ်နေကြတယ်။ စစ်ဘေးရှောင်စခန်းတွေနဲ့ မလှမ်းမှာရှိနေတဲ့ တပ်မတော် တပ်စခန်းက သုံးနေရာကနေ နေ့ရော၊ ညပါမပြတ် လက်နက်ကြီးတွေနဲ့ တောင်တန်းတွေကို ပစ်ခတ်နေတာတွေလုပ်ပါတယ်။”လို့ ပြောပါတယ်။ စညှင်းစစ်ဘေးရှောင်စခန်းမှာ ပြည်တွင်းပြည်ပ အလှူရှင်တချို့ကလှူထားတဲ့ ဆန်ရိက္ခာတွေနဲ့ နေထိုင်စားသောက်နေကြပေမယ့် လက်ရှိအချိန်မှာ ပြည်တွင်းလူမှု အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေနည်းနေတာကြောင့်စားနပ်ရိက္ခာတွေ ပြတ်တောက်နေတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။ လေကြောင်းကနေ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- သဘာဝနဒီ
2 years Ago
Up