တိုက်ဖျက်နိုင်မည့်

February 5, 2020

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မည့် အခွင့်အလမ်းရှိဟု WHO ပြော

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တိုက်ဖျက်မယ့် အခွင့်အလမ်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။  တရုတ်အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအဆင့်တွေဟာ ဗိုင်းရပ်စ်ပြန့်ပွားတာကို တားဆီးတဲ့ နည်းလမ်းကောင်း ဖြစ်တယ်လို့လည်း  WHO ညွှန်ချုပ် ဂပ်ဘရေအီးဆစ်က ပြောပါတယ်။  တရုတ်အာဏာပိုင်တွေရဲ့ ကနဦး ရောဂါကိုင်တွယ်မှုအပေါ် ကမ္ဘာတဝန်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေချိန်မှာ WHO ညွှန်ချုပ်က တရုတ်အစိုးရ လုပ်ဆောင်ချက်အပေါ် ချီးကျူးလိုက်တာပါ။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၉၀ ကျော်ရှိလာပြီး ကူးစက်ခံရသူ ၂သောင်းခွဲလောက်ဖြစ်ဖို့ တဖြည်းဖြည်းနီးကပ်လာနေပါပြီ။ တရုတ်ပြည်မကြီးပြင်ပ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့မှာ တယောက်စီ သေဆုံးခဲ့ပါတယ်။   ဖေဖော်ဝါရီ ၄ ရက်က ဟူဘေးပြည်နယ် တခုတည်းမှာတင် သေဆုံးသူ ၆၅ ယောက်ရှိပြီး တရုတ်နိုင်ငံတဝန်း ထပ်မံကူးစက်ခံရသူ ၄,၀၀၀ နီးပါး ရှိပါတယ်။  သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၆၀ အထက်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ နှလုံးနဲ့ ဆီးချိုရောဂါလို  နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကူးစက်ခံရသူတွေ ပြန်ကောင်းလာလို့ ဆေးရုံက ဆင်းသူ ၄၇၅ ယောက် ရှိတယ်လို့လည်း ဖေဖော်ဝါရီ ၃ ရက်က  နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။  ဖေဖော်ဝါရီ ၄ ရက်က ဝူဟန်မြို့မှာ ၈ ရက်နဲ့ အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆံ့ ဟောင်ရှန်းရှန်းဆေးရုံသစ်ဆီ ရောဂါကူးစက်ခံရသူ ပထမအသုတ် လူနာတွေကို  ပို့ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up