တိုက်ပွဲရှောင်ရွာသား ၁၆၀ ကျော် မြေပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေ

October 30, 2019

တိုက်ပွဲရှောင်ရွာသား ၁၆၀ ကျော် မြေပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေ 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ယောချောင်းဖက်ကျေးရွာတွေဘက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၆၀ ကျော် နေရပ်ကို မပြန်ရဲဘဲ မြေပုံမြို့က ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံနေကြရပါတယ်။  မြေပုံမြို့ သီရိမင်္ဂလာမြို့မတောင်ကျောင်း  စခန်းတာဝန်ခံ ကိုဝင်းသန်းက “အခု လက်ရှိလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်၊ ဒင်္ဂါးရရွာနားမှာပါ။ ပြီးတော့ ယောချောင်းအနား ဒင်္ဂါရရွာနားတွေက အဲဒီဘက်က လာတဲ့လူတွေက ပြန်သွားလို့မရတဲ့ အခြေအနေအထိဖြစ်နေလို့ မပြန်ရဲတာဖြစ်တယ်။ လက်နက်ကြီးတွေ ထိတယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်တယ်ဆိုတော့ ကြောက်လန့်ပြီးတော့ ဒီမှာ မှီခိုပြီးတော့ တော်ရုံနဲ့မပြန်ဘူးလို့ ပြောပါတယ်"လို့ ပြောပါတယ်။ အဲဒီယောချောင်းကျေးရွာတွေနဲ့ အနီးအနားကျေးရွာတွေကို တပ်မတော်စစ်ကြောင်းတွေ ဝင်လာတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြရတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်လာသူ ဒေါ်လှအေးမေက “စစ်သားတွေ ဝင်လာလို့ကြောက်တာပေါ့။ လာရင်သူတို့က ပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒါကြောင့် ကြောက်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ရွာသားတွေက အကုန်ထွက်ပြေးကြပါတယ်”လို့ ပြောပါတယ်။ ဒီလိုတိုက်ပွဲဖြစ်လာတာကြောင့် မြေပုံမြို့နယ်မှာလည်း ကျေးရွာဒေသခံတွေက နီးစပ်ရာကို ထွက်ပြေးနေကြရသလို ဒီအထဲမှာ အသက် ၁၀၀ ကျော်ရှိတဲ့ အဘိုးအဘွားတွေလည်း အများအပြား ပါဝင်ပါတယ်။ ထွက်ပြေးလာသူတဦးက “ကိုယ့်တိုင်းပြည်မှာတော့ အားလုံး အေးအေးချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အခုက ဟိုပြေးလိုက် ဒီပြေးလိုက် ဖြစ်နေတယ်။ အိမ်ကိုလည်း မပြန်ရဲဘူးလေ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ မဖြစ်ချင်ပေမယ့် ဖြစ်လာတာတခုကို ဘယ်တတ်နိုင်မလဲ ဒီလိုပဲ ခံပေးရမှာပေါ့”လို့ ပြောပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် လယ်ယာမြေတွေကို စွန့်ပစ်ခဲ့ရသလို ပင်လယ်ပြင်ကို အမှီပြုပြီး လုပ်စားနေကြတဲ့သူတွေကလည်း နစ်နာမှုတွေ များစွာရှိနေကြတာပါ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့လည်း ဒုက္ခသည်တွေက တောင်းဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်လာသူတဦးက “စစ်ပွဲတွေကို ရပ်တန့်စေချင်တာပေါ့ သားရယ်။ အေးအေးချမ်းချမ်းနဲ့ နေချင်လှပါပြီ၊ ဒီလိုပဲ ဖြစ်ချင်တာပေါ့။  အဘွားက ရွာမှာ တယောက်တည်း နေတာ။ ဟိုလူဆီက ဆန်နည်းနည်း၊ ဒီလူဆီက ဆန်နည်းနည်းပေးတာတွေကို စားသောက်နေရတာပါ”လို့ ပြောပါတယ်။ ဝဏ္ဏခွာညို
2 years Ago
Up