တိုက်ပွဲများကြောင့်

October 26, 2019

ရခိုင်တွင် တိုက်ပွဲများကြောင့် ဝါးထုတ်ယူခွင့် မရသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် မတင်ပို့နိုင်ဖြစ်နေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဝါးထုတ်ယူခွင့် အပြည့်အဝမရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှာယူသလောက် မတင်ပို့နိုင် ဖြစ်နေတယ်လို့ မောင်တော နယ်စပ်ကုန်သည်တချိုက ဆိုပါတယ်။ မောင်တောအခြေစိုက် ရတနာရွှေမြေကုမ္ပဏီမှ ဒါရိုက်တာ မာမတ်အဏ္ဏဝါက “ကျနော်တို့ကို ဘင်္ဂလားက ဝါး ၅ သောင်း၊ ၁ သိန်း စသည်ဖြင့် အော်ဒါပေးတာတွေ ရှိပါတယ်။ ဒီလို အော်ဒါမှာယူတာတွေကို လက်ခံဖို့ အခက်အခဲရှိနေတာကတော့ အခုဒီမှာ ဘူးတောင်၊ မြောက်ဦး၊ မင်းပြား စတဲ့‌ နေရာတွေမှာ လက်ရှိတိုက်ပွဲတွေကြောင့် ဝါးခုတ်တောင်သူ‌တွေ ဝါးမခုတ်နိုင်တဲ့အတွက် အချိန်မီ ပို့လိုမရဘူး ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဝါးခုတ်ယူဖို့ တောထဲ တောင်ထဲ သွားလာရာမှာ အခက်အခဲ ရှိတာကြောင့် ဝါးထုတ်ယူမှု ကျဆင်းတာလို့ ဝါးခုတ်တောင်သူတွေက ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်တောင်တန်းနဲ့ မြောက်ဦးမြို့ လေးမြို့ချောင်းတို့ကနေ ဝါးထုတ်ယူဖို့ အခက်တွေ့နေကြတာပါ။ “ကျနော်တို့ အခု ဝါးလုပ်ငန်းလုပ်နေရတဲ့ အနေအထားက အခက်အခဲ အများကြီး ရှိပါတယ်။ အခုဆိုရင် စိုင်းတင်ကို တက်ပြီး ဝါးခုတ်လို့ မရဘူး၊ ဝါးခုတ်တဲ့လူတွေ သွားလို့ မရပါဘူး။ နောက်တခုက အခုဒေသထွက် ဝါးတွေ မလုံလောက်တဲ့အတွက် လေးမြို့ချောင်းနဲ့ မြောက်ဦးဘက်က ဝါးတွေ တင်သွင်းနေရပါတယ်။ ဒါပေမဲ့ ဝါးဈေးကတော့ ကောင်းနေတာတော့ မဟုတ်ဘူး၊ လုပ်ငန်းတခု လည်ပတ်နိုင်အောင် လုပ်နေရတဲ့ အနေအထားပါ။ ဝါးခုတ်ခွင့်လိုင်စင်က သိန်း ၅၀ နဲ့ ယူထားရပြီး ဝါးခုတ်လို့မရတော့ အလွန်နစ်နာပါတယ်။ ဒီနှစ်ဆိုရင် လိုင်စင်ယူမယ့်သူ မရှိတော့ပါဘူး၊ ဒါပေမဲ့ ဝါးပွဲရုံတခုက ၁ သိန်းနှုန်းနဲ့ကောက်ပြီး လိုင်စင်ကြေး သွင်းနေရပါတယ်။ အလွန်မှ နစ်နာပါတယ်” လို့ ဘူးသီးတောင်မြို့နယ်  ဝါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကိုဇော်နိုင်ဦးက ပြောပါတယ်။ အဆိုပါစိုင်းတင်တောင်တန်းအနီးမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ကာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကြောင့် ဒေသခံတွေကို စိုင်းတင်တောင်တန်းပေါ် သွားလာခွင့် ပိတ်ထားတာပါ။ ဘူးသီးတောင်မြို့နယ်မှ ဝါးပွဲရုံပိုင်ရှင် မာမတ်ဖော်ဇိလ်အာလောင်က “လက်ရှိအခြေအနေက အလွန်ခက်ခဲပါတယ်။ ဝါးသယ်ယူလာရတာ အခက်အခဲ ရှိနေသလို ဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေ နေရပ်စွန့်ခွာထွက်သွားတာကြောင့် ဝယ်လိုအားကျဆင်းနေပါတယ်။ စိုင်းတင်တောင်ကလည်း ဝါးထုတ်လုပ်လို့ မရပါဘူး။ တိုက်ပွဲအခြေအနေကြောင့် မြောက်ဦးဘက်က ဝါးတွေ လာတာကလည်း အခက်အခဲရှိတဲ့အတွက် တလမှာမှ တကြိမ်လောက်သာ သယ်ယူလာနိုင်ပါတယ်” လို့ ပြောပါတယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဝါးတန်ချိန် ၁၂၆ တန်၊ ဒေါ်လာ ၁၀၇၈၀ ဖိုး တင်ပို့နိုင်ခဲ့‌တယ်လို့ သိရပါတယ်။ ကောင်းကောင်း
2 years Ago

October 6, 2019

တိုက်ပွဲများကြောင့် မင်းပြားမြို့နယ် ကျေးရွာ ၇ ရွာက လူ ၄၀၀၀ ခန့် စားနပ်ရိက္ခာပြတ်လပ်

တိုက်ပွဲဖြစ်ပွားရာဒေသတခုဖြစ်တဲ့ မင်းပြားမြို့နယ် ထိန်ပင်အုပ်စု ရွှေကျင်ကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာက လူဦး ၄၀၀၀ နီးပါး စားနပ်ရိက္ခာတွေ ပြတ်တောက်မှုနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။ မင်းပြားမြို့နယ် ထိန်ပင်အုပ်စုက ရွှေကျင်ကျေးရွာ၊ ဒိုင်းသားကျေးရွာ၊ ကျော်ကကျေးရွာအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ပြီးခဲ့တဲ့ သြဂုတ်လကဆန်းပိုင်းကနေ တိုက်ပွဲဖြစ်ပွားလာခဲ့တာ အောက်တိုဘာလအထိဆိုရင် ၄ လနီးပါး ရှိလာပြီးဖြစ်နေတာကြောင့် ဒေသခံတွေဟာ သွားလာလို့ မရတာကြောင့် အခုလို စားနပ်ရိက္ခာတွေ ပြတ်တောက်လာလို့ ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “အောက်တိုဘာ ၅ ရက်နေ့ အထိ တိုက်ပွဲတွေကဖြစ်နေတုန်းပါ။ ထိန်ပင်အုပ်စုက ရွှေကျင် ကျေးရွာတွေနဲ့ ဒိုင်းသား၊ အဲ့ဒီကျေးရွာအနားတွေမှာ တိုက်ပွဲဖြစ်နေတာက ပြီးခဲ့ သြဂုတ်လဆန်းကနေဖြစ်နေတာ။ ဒီနေ့အချိန်ထိပဲ၊ ကျေးရွာကသားတွေကဘာမှ စီးပွားရေး လုပ်လို့ မရဘူး။ ဘယ်မှသွားလာလို့မရဘူး။ တော၊ တောင်တွေလယ်ယာမြေတွေကို သွားလာလို့ မရဘူး။ တိုက်ပွဲဖြစ်နေတဲ့ဧရိယာတွေ အားလုံးကိုမသွားလာ ဖို့အကုန်တားမြစ်ထားတယ်။” မင်းပြားမြို့နယ် ထိန်းပင်ကျေးရွာမှာ လူဦးရေ ၁၄၀၊ ရွှေကျင်ကျေးရွာမှာ ၂၀၂၆ ယောက်၊ ဒိုင်းသားကျေးရွာ ၃၈၇ ယောက်၊ ကျော်ကကျေးရွာ ၁၇၉ ယောက်၊ ပေါက်တောကျေးရွာမှာ ၅၃ ယောက်၊ ဆွဆုံကျေးရွာမှာ ၆၁၂ ယောက်နဲ့ မွန်ချောင်းမှာ ၅၄၉ ယောက် စုစုပေါင်း ၃၉၄၆ တို့ ရှိနေတာပါ။ ဒိုင်းသားကျေးရွာမှာဆိုရင် မူလတန်းကျောင်းမဖွင့်နိုင်တာ ၁ ကျော်ကြာလာပြီဖြစ်တာကြောင့် ကျောင်းသားတွေဟာ ရွှေကျင်ကျေးရွာနဲ့ ဂွဆုံကျေးရွာတို့မှာ သွားရောက်ကျောင်းတက်နေကြရတယ်လို့ ရွှေကျင်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ဒိုင်သားကျေးရွာက ဦးလူချေက ”ကျနော်တို့ ကျေးရွာအကုန် စားရိက္ခာတွေပြတ်နေပါပြီ။ ဆန်ရိက္ခာတွလည်း မရှိတော့ဘူး။ တိုက်ပွဲဖြစ်နေတော့ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ ရှိတဲ့လူတွေဆီက ချေးစားတာတွေလည်းကုန်ပြီ၊ အရင်က တချို့လူမှုအဖွဲ့အစည်းတွေက လာ ကူညီတာတွေရှိတယ်။ အခုသူတို့လည်း မလာကြတော့ဘူး။ တောင်ယာတွေလည်း သွားခွင့်မရကြဘူး။ တပ်မတော်တော် ရက္ခိုင့်တပ်တော်အေအေတို့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာ အနားမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။ “အဲ့ဒီ ပန်းမြောင်းနား၊ ဒိုင်းသားအနားမှာဖြစ်နေတာကြာပြီ၊ ထိတွေ့မှုဖြစ်လိုက်၊ ရန်သူက နောက်ကိုဆုတ်လိုက်၊ အဲ့လိုဖြစ်နေတာ။ အဲ့ဒီတဖက်တလျှောက်တ ‌ောင်ကြောတွေဆိုတော၊ ထိခိုက်ဒဏ်ရာရတာတာ့မရှိဘူး။ မနေ့က ၁၂ နာရီလောက်ကစပြီးဖြစ်တာ ၁ နာရီလောက်ကြာတယ်။” ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်မြို့နယ် ၈ မြို့နယ် စစ်ဘေးရှောင်းပြည်သူ ၇ သောင်းနီးပါး ရှိလာနေပြီ စားနပ်ရိက္ခာတွေလည်း လိုအပ်ချက်နေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေကပြော ဆိုပါတယ်။ သတင်း-ဝဏ္ဏခွာညို
2 years Ago
Up