တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရ

August 12, 2021

အိုးဘိုထောင်တွင်း ဆန္ဒပြအကျဉ်းသား ၃၀ ကျော် တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရ

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေထဲက အကျဉ်းသား ၃၀ ကျော် တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတယ်လို့  အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။

အိုးဘိုထောင်ထဲကနေ ဩဂုတ် ၈ ရက် ည ၉ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထွက်ပေါ်လာခဲ့ပြီး မကြာခင်မှာ ထောင်အတွင်းက တရားသံအကျယ်ကြီးဖွင့်တဲ့ အသံနဲ့ သေနတ်သံ ၂  ချက် ထွက်ပေါ်ခဲ့တာပါ။

“ကြွေးကြော်သံတွေ အော်ကြတာက အမျိုးသားအဆောင်  ၃ ဘက်က။ အော်ကြသူတွေက တော့အများကြီး၊ အဲ့ဒီထဲက အယောက် ၃၀ ကျော်ကို ရွေးပြီး တိုက်  ၁ ဘက်မှာ လူခွဲ တိုက်ပိတ်ထားတယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒီလိုတိုက်ပိတ်ခံရတာ အနည်းဆုံး  ၁၄ ရက်လောက်အထိ ကြာနိုင်ပြီး တိုက်ပိတ်ခံထား ရတဲ့သူတွေကို ထောက်ခတ်ထားတယ်လို့ သိရပါတယ်။

အိုးဘိုထောင်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ အရေးယူထား တာတွေကို ပွင့်လင်းမြင်သာချပြဖို့၊ မတရားဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ ၊ ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေး၊ ကာကွယ်ရေးတွေကို ဆောင်ရွက်ပေးဖို့ ကျောင်းသားသမဂ္ဂတွေက တောင်းဆိုထားပါတယ်။

ဇူလိုင် ၂၃ ရက်ကလည်း ရန်ကုန်၊ အင်းစိန်ထောင်မှာ အလားတူ ကြွေးကြော်သံတွေနဲ့ ထောင်တွင်းကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတာတွေရှိခဲ့ပါတယ်။

4 months Ago
Up